အာဆင်နယ်ကသာ ချန်ပီယံတွေနဲ့ရင်ဆိုင်ရမယ့်အသင်းပါလို့ ဆိုလိုက်တဲ့ ဆိုဘိုဆလိုင်း
ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင်မှာပဲ လီဗာပူးကွင်းလယ်လူဆိုဘိုဆလိုင်းက အာဆင်နယ်ဆီ သတိပေးစကားဆိုခဲ့ပါတယ်။
ဟန်ဂေရီလက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့သြဂုတ်လအတွင်း၊ အန်ဖီးလ်ကွင်းမှာ ဂန်းနားတွေကို သူ့ရဲ့လှပတဲ့ဖရီးကစ်ကန်ချက်သွင်းဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါက အခုရာသီ၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ရဲ့ရှုံးပွဲနှစ်ခုအနက် တစ်ခု ဖြစ်လာစေပါတယ်။
အခုလိုအနိုင်ရရှိခဲ့ပေမယ့် လီဗာပူးက လက်ရှိအမှတ်ပေးဇယားရပ်တည်မှုမှာ အာဆင်နယ်နဲ့ ၁၄ မှတ်အထိ ကွာဟနေပြီး ချန်ပီယံဆုကာကွယ်နိုင်ဖို့အခွင့်အလမ်း မရှိသလောက်နည်းပါးသွားပါပြီ။
ဒါပေမဲ့ Sky Sports နဲ့တွေ့ဆုံခန်းမှာ ဆိုဘိုဆလိုင်းက ဂန်နားတို့ အနိုင်ရရှိဖို့ရေပန်းစားချိန်မှာတောင် သူ့အသင်းအပေါ် ထောက်ခံမှုအပြည့်ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် သူက ချန်ပီယံတွေနဲ့ရင်ဆိုင်ရမယ့်အသင်းဟာ အာဆင်နယ်သာဖြစ်ပြီး ဆုဖလားမကိုင်မြှောက်နိုင်ခင် ခရီးရှည်ကြီး ဖြတ်သန်းရဦးမယ်လို့ သတိပေးခဲ့ပါတယ်။
ဆိုဘိုဆလိုင်းက “ ရှေ့ဆက်သွားဖို့ အဝေးကြီးကျန်နေပါသေးတယ်။ ပရီးမီးယားလိဂ်ဆိုတာ မလွယ်ကူပါဘူး။ ဒီပြိုင်ပွဲရဲ့ချန်ပီယံဆုကိုလည်း ဇန်နဝါရီလမှာ မရရှိနိုင်ပါဘူး။
ဒါကြောင့် ကျွန်တော်ကတော့ ချန်ပီယံတွေနဲ့ရင်ဆိုင်ရတယ်လို့ မထင်မြင်မိပါဘူး။ တကယ်တမ်း ချန်ပီယံတွေနဲ့ရင်ဆိုင်ကစားရမှာ သူတို့တွေပဲဖြစ်ပါတယ်။ ဒါကို သူတို့လည်း ကောင်းကောင်းသိသလို ကျွန်တော်တို့လည်း ကောင်းကောင်းသိပါတယ်။
အမှန်ပါပဲ၊ အာဆင်နယ်က အခုရာသီ၊ ချန်ပီယံဖြစ်လာဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်ပါတယ်။ မယုံကြည်နိုင်စရာအသင်းတစ်ခုဖြစ်သလို အရမ်းကောင်းတဲ့ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ အကောင်းဆုံးလုပ်ပြနေတဲ့ မန်စီးတီးတို့၊ အက်စတွန်ဗီလာတို့ကိုလည်း မမေ့ထားသင့်ပါဘူး။
မဟုတ်ပါဘူး။ ကျွန်တော်တို့က ချန်ပီယံတွေနဲ့ရင်ဆိုင်ရမှာမဟုတ်ပါဘူး။ သူတို့တွေသာ ချန်ပီယံတွေနဲ့ ယှဉ်ပြိုင်ကစားရမှာပါ”လို့ ပြောပါတယ်။
လက်ရှိမှာ ဂန်းနားတွေက အနီးကပ်ဆုံးပြိုင်ဘက်ထက် ငါးမှတ်အသာရနေပြီး အခုပွဲစဉ်ကိုသာအနိုင်ရရှိမယ်ဆိုရင် လက်ရှိချန်ပီယံတွေကို ၁၇ မှတ်အထိ ဖြတ်ထားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် မြောက်လန်ဒန်သားတွေက ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်ကြာကာလအတွင်း အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပြီး လီဗာပူးကိုကျော်ဖြတ်ကာ ချန်ပီယံဆုဆွတ်ခူးဖို့အတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိနေပါတယ်။