ဒါဘီပွဲစဉ်အနိုင်ရရှိမှုအပြီး လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စအခြေအနေကို ဖွင့်ဟလာတဲ့ ဆိုဘိုဆလိုင်း
လီဗာပူးအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေမှာ ထူးခြားတဲ့တိုးတက်မှု ဘာမှမရှိသေးဘူးလို့ ဆိုဘိုဆလိုင်းက ဝန်ခံပြောကြားလိုက်ပါတယ်။
ဟန်ဂေရီအသင်းခေါင်းဆောင်က အခုဘောလုံးရာသီအတွင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့၊ အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဆိုဘိုစလိုင်းက "ကျွန်တော် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ပြောခဲ့သလိုပါပဲ၊ အခုထိတော့ ထူးထူးခြားခြား တိုးတက်မှု မရှိသေးပါဘူး။
ဒါကြောင့် ကျွန်တော့်ရဲ့စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး အသစ်အဆန်း ဘာမှမပြောနိုင်သေးပါဘူး။ ကစားရမယ့်ပွဲတွေ အများကြီးကျန်သေးလို့ အဲ့ဒီအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။
ခင်ဗျားတို့လည်းသိကြတဲ့အတိုင်း ကျွန်တော့်စာချုပ်က ၂၀၂၈ ခုနှစ်ကျမှ သက်တမ်းကုန်ဆုံးဖို့ရှိတာပါ။ ဒါကြောင့် နေ့တိုင်း၊ အပတ်တိုင်းမှာ အကောင်းဆုံးကစားပေးဖို့ အဆင်သင့်ရှိနေပြီး ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။
ကျွန်တော့်ဘက်ကတော့ ဒီမှာ ရေရှည်ရှိနေဖို့ မျှော်မှန်းထားတာပေါ့၊ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ ဒါက ကျွန်တော့်လက်ထဲမှာပဲရှိနေတဲ့ကိစ္စတော့ မဟုတ်တော့ပါဘူး။
ကျွန်တော် အကြိမ်ကြိမ်ပြောဖူးသလိုပဲ ဒီမှာရှိနေရတာကို ပျော်ပါတယ်။ ပရိသတ်တွေကို ချစ်သလို ဒီမှာနေရတာကို တကယ်သဘောကျပါတယ်။ ကျွန်တော့်မိသားစုလည်း ပျော်ရွှင်နေပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။
ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ။ ကစားဖို့ ငါးပွဲ ကျန်ပါသေးတယ်။ အဲ့ဒီနောက် နိုင်ငံတကာပွဲစဉ်တွေပြီးရင်တော့ အားလပ်ရက်ကာလရှည် ရရှိပါလိမ့်မယ်။ အဲ့ဒီနောက်မှပဲ အခြေအနေတွေကို ကြည့်သွားရပါမယ်။
ပရိသတ်တွေရဲ့အားပေးမှုက ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ်ရှိပါတယ်။ သူတို့တွေ ကျွန်တော့်နာမည်ကို အော်ဟစ်အားပေးတိုင်း အရမ်းကျေနပ်မိပါတယ်။ မန်စီးတီးနဲ့အီတီဟတ်ကွင်းပွဲစဉ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။