The network connection is lost.

Banner Image

တစ်ယောက်လျော့အနေအထားနဲ့ အစ်ဆွစ်ချ်ကို အနိုင်ရခဲ့လို့ ကျေနပ်မိတယ်လို့ ဆိုလာတဲ့ အာမိုရင်

ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ အစ်ဆွစ်ချ်ကို ကစားသမား ၁၀ ယောက်တည်းနဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံး ကစားခဲ့ရပေမယ့် ၃-၂ ဆိုတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ နည်းပြအာမိုရင်က အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမိတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ အစ်ဆွစ်ချ်ကို ၂-၁ နဲ့ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နောက်ခံလူပက်ထရစ်ဒေါ်ဂူအနီကတ်ပြ ထုတ်ပယ်ခံရပြီးနောက်မှာတော့ အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့ခက်ခဲခဲ့ပြီး ၂-၂ ဆိုတဲ့သရေရလဒ်အထိ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ သို့သော်လည်း အသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးကို ဒုတိယပိုင်းအစမှာ နောက်ခံလူ ဟယ်ရီမက်ဂွါရီကသွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုနိုင်ပွဲကြောင့် အာမိုရင်ရဲ့အသင်းဟာ ရမှတ် ၃ မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာသို့ တက်လှမ်းခဲ့ပြီး တန်းဆင်းဇုန်နဲ့အနည်းငယ်ဝေးကွာသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာ အာမိုရင်က "ဒီနေ့ ကျွန်တော်အသင်းကို စိတ်မပျက်မိပါဘူး။ ပွဲကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး ပွဲအစမှာကတည်းက ကစားသမားတွေ ဂိုးတွေသွင်းနိုင်မယ်လို့ ခံစားမိခဲ့ပါတယ်"

"ကစားသမားတစ်ယောက်အထုတ်ခံလိုက်ရတာက ပွဲရဲ့အခြေအနေကို အနည်းငယ်ပြောင်းလဲစေခဲ့ပေမယ့် ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ နိုင်ပွဲရရှိခဲ့လို့ အနိုင် ၃ မှတ်နဲ့ထိုက်တန်ခဲ့ပါတယ်။ ခက်ခဲတဲ့အခိုက်အတန့်တွေအများကြီးရှိခဲ့ပေမယ့် ဒါက ပရော်ဖက်ရှင်နယ်လောကမှာတော့ ပုံမှန်ပါပဲ။ ဒုတိယပိုင်းမှာကစားခဲ့တဲ့ ကစားပုံမျိုးကို ထိန်းသိမ်းထားနိုင်ဖို့ အရမ်းခက်ပါလိမ့်မယ်။ ကစားသမားတွေ အရမ်းကောင်းခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဒေါ်ဂူထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာ အာမိုရင်အနေနဲ့ အသင်းရဲ့နောက်တန်းပိုင်းက အင်အားဖြည့်တင်းဖို့ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို ထုတ်ပယ်ပြီး မာဇရာဝီနဲ့လူစားလဲခဲ့ရပါတယ်။ ဂါနာချိုအနေနဲ့ အခုလိုလူစားလဲခံခဲ့ရတဲ့အပေါ်ကျေနပ်ခြင်းမရှိဘဲ အသင်းဖော်တွေနဲ့ အရန်ခုံမှာထိုင်ရမယ့်အစား အဝတ်လဲခန်းထဲကိုပဲ တန်းတန်းမတ်မတ်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ 

ဂါနာချိုရဲ့အပြုအမူနဲ့ပတ်သက်ပြီး အာမိုရင်က "သူက အရမ်းအေးပြီး စိုစွတ်နေလို့ ဝင်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့ ဒီပွဲမှာ တစ်ယောက်အထုတ်ခံလိုက်ရတော့ ၅-၃-၁ ကစားကွက်နဲ့ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအချိန်မှာ တစ်ယောက်ယောက်ကို လူစားလဲဖို့လိုအပ်ပြီး တည်ကန်ဘောတွေနဲ့ပတ်သက်ပြီးတော့လည်း စဉ်းစားရသေးတော့ ဂါနာချိုကို လူစားလဲခဲ့ပါတယ်။ ဒါပေမယ့် အခုလို သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးသွားရပါဦးမယ်။ လာမယ့်သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းကို မေးလို့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။