The network connection is lost.

Banner Image

အာဆင်နယ်ဒီနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုဆွတ်ခူးမယ်လို့ ပြောကြားလာတဲ့ ဝင်းတားဘန်း

အာဆင်နယ်ဂန္ထဝင်ကစားသမား နိုင်ဂျယ်ဝင်းတားဘန်းကတော့ သူ့ရဲ့အသင်းဟောင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ဆက်လက်ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့လက အခြေအနေလေးနည်းနည်း ယိုင်ခဲ့ပေမဲ့ တော့တင်ဟမ်နဲ့ ချယ်လ်ဆီးတို့ကို အနိုင်ရရှိခဲ့တာကြောင့် ဂန်းနားတို့ဟာ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၅ မှတ်အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။

ရာသီမကုန်ခင်မှာ မန်စီးတီးကွင်းကို သွားရောက်ကစားဖို့ ကျန်ရှိနေသေးပေမဲ့ ဝင်းတားဘန်းကတော့ နည်းပြ အာတီတာရဲ့ အသင်းသားတွေမှာ ရှိနေတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေတာပါ။

အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းက Tribalfootball.com ကို အခုလို ပြောပြခဲ့ပါတယ်။ "ဘယ်အသင်းမှ ရှုံးပွဲမရှိဘဲ ရာသီသိမ်းနိုင်မယ်လို့ ကျွန်တော်မမြင်မိပါဘူး၊ ဒါကြောင့် အာဆင်နယ်ကပဲ ချန်ပီယံဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အခုအချိန်မှာတော့ ဒါဟာ ကစားသမားတွေနဲ့ နည်းပြအပေါ်မှာပဲ အဓိက မူတည်ပါတော့တယ်။"

"မန်စီးတီးက အာဆင်နယ်ကို ရာသီကုန်အထိ အကြိတ်အနယ် ဖိအားပေးသွားမယ်ဆိုတာ ယုံကြည်ပေမဲ့ အာဆင်နယ်မှာ ဒီရာသီ အောင်မြင်မှုရဖို့ လုံလောက်တဲ့ လူအင်အား အနက်ရှိနေတယ်လို့ ခံစားရပါတယ်။ ရာသီအစကတည်းက အာဆင်နယ် ဖလားရနိုင်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာပါ၊ တခြားအသင်းတွေက အာဆင်နယ်ကို လိုက်မီသွားနိုင်မယ့် အခြေအနေမျိုးလည်း ကျွန်တော် မတွေ့မိပါဘူး" လို့ ၎င်းက ဆိုပါတယ်။

ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ဝင်းတားဘန်းက "တစ်သင်းလုံးအနေနဲ့ သူတို့ကိုယ်သူတို့ အပြည့်အဝ ယုံကြည်မှုရှိဖို့ လိုပါတယ်။ အခုလည်း သူတို့က အစုအဖွဲ့လိုက် စုစုစည်းစည်းနဲ့ ကောင်းကောင်းကစားနေကြသလို ရှေ့မှာလာမယ့် ပွဲစဉ်တွေကိုလည်း အသင်းလိုက် ညီညီညွတ်ညွတ်နဲ့ ကျော်ဖြတ်နိုင်စွမ်း ရှိပါတယ်။" လို့ ပြောပါတယ်။

"ဟုတ်ပါတယ်၊ ဒီကလန်ရိုက်စ်က အသင်းအတွက် တကယ်ကို အရေးပါသလို ခံစစ်က ဂါဘရီယယ်လ်ကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဇယားထိပ်မှာ ဆက်ရှိနေပြီး ရှေ့ကိုဆက်တိုးနိုင်ဖို့ အသင်းမှာ လူစုံတက်စုံ ရှိနေပါပြီ။ ကစားသမားတွေက အခုဆိုရင် အသင်းလိုက် စုစည်းပြီး ထိန်းချုပ်ကစားနိုင်နေပြီလို့ ထင်ပါတယ်၊ ဒါဟာ ကွင်းထဲမှာ မြင်တွေ့နေရတဲ့ အားရစရာကောင်းတဲ့ အချက်တစ်ခုဖြစ်သလို အားလုံးကလည်း အောင်မြင်မှုရဖို့ တက်ကြွနေကြပါတယ်" လို့ ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။