The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲစဉ်အတွက် ဝုဗ်အသင်း အကောင်းဆုံးပုံစံမှာ ရှိနေမယ်လို့ အက်ဒဝပ်ပြောကြား

ဝုဗ်အသင်းနည်းပြရော့ဘ်အက်ဒဝပ်က ဒီည၊ လီဗာပူးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် သူ့ရဲ့ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့် ရှိနေပါတယ်။ ဝုဗ်က ပြီးခဲ့တဲ့သောကြာနေ့၊ ဒါဘီပွဲစဉ်မှာ အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။

လီဗာပူးကလည်း စနေနေ့ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၅-၂ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိထားပြီး အက်ဒဝပ်ကတော့ "ပရီးမီးယားလိဂ်ဘယ်အသင်းမဆို ခြေစွမ်းပြနိုင်တဲ့နေ့မျိုးမှာ တစ်ဖက်အသင်းကို အခက်တွေ့အောင် လုပ်နိုင်စွမ်းရှိသလို ဘယ်အသင်းကိုမဆို ယှဉ်ကစားနိုင်စွမ်းရှိပါတယ်" လို့ ဆိုပါတယ်။

"လတ်တလောမှာ ကျွန်တော်တို့လည်း အဲဒီလိုအခြေအနေမျိုးကို ပြသနေနိုင်ပေမဲ့ အခုကတော့ ပွဲစဉ်သစ်တစ်ခု ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ပွဲတွေနဲ့လည်း မတူသလို သောကြာနေ့ပွဲစဉ်နဲ့လည်း မတူပါဘူး။ ဒီလိုအသင်းကြီးတွေကို ခြိမ်းခြောက်နိုင်ဖို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့မှာ အကောင်းဆုံးပုံစံရှိနေဖို့ လိုပါတယ်" လို့ ၎င်းက ပြောပါတယ်။

အသင်းအတွင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ပြောင်းလဲမှုတွေက သိသိသာသာ မြင်တွေ့နေရပြီလို့ အက်ဒဝပ်က ဆိုပါတယ်။ ဆက်လက်ပြီး သူက "ကျွန်တော် ဒီကိုရောက်တာ ၃ လကျော်ပဲ ရှိသေးတော့ အောင်အောင်မြင်မြင်နဲ့ ထုတ်ဖော်ပြောစရာတွေ အများကြီးမရှိသေးပါဘူး။ ဒီနှစ်ထဲမှာ ခြေစွမ်းပြနိုင်တာနဲ့ ရလဒ်ကောင်းတချို့ရခဲ့တာတော့ ရှိပေမဲ့ ဗီလာကိုနိုင်ခဲ့တဲ့ပွဲကတော့ တစ်သင်းလုံးအတွက် တကယ့်ကိုကြီးကျယ်တဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်လို့ ခံစားရပါတယ်။ ပရိသတ်တွေအတွက် တကယ်ကိုအရေးပါတဲ့ပွဲမျိုးမှာ သူတို့နဲ့အတူ ဒီလိုပျော်ရွှင်မှုကို မျှဝေခံစားခဲ့ရတာ တကယ်ကို ကောင်းပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော်ကတော့ ကစားသမားတွေ ကြိုးစားနေတာ၊ အားကုန်ထုတ်ကစားနေတာတွေကို အမြဲတမ်း အမွှမ်းတင်ပြောနေပါလိမ့်မယ်။ ဒါပေမဲ့ ဘောလုံးလောကရဲ့သဘာဝက ရလဒ်ကောင်းမှသာ လူတွေက အသိအမှတ်ပြုကြတာပါ။ ဒါကြောင့် အဲဒီလိုခြေစွမ်းမျိုးနဲ့ အသင်းကြီးတစ်ခုကို အနိုင်ရလိုက်ချိန် ကျွန်တော်ပြောနေတဲ့စကားတွေ ပိုပြီးအသက်ဝင်လာသလို လူတွေလည်း ပိုပြီးယုံကြည်လာကြပါတယ်။ ဒါဟာ အသင်းရဲ့ပတ်ဝန်းကျင်အတွက် အင်မတန်ကောင်းပါတယ်။ ကစားသမားတွေကိုယ်တိုင်လည်း သူတို့ရဲ့ ခြေစွမ်းအပေါ်မှာ ပိုပြီးယုံကြည်လာကြတယ်။ ကျွန်တော်တို့ စရောက်တဲ့အချိန်နဲ့ အခုအချိန်မှာ ကစားသမားတွေ ဘယ်လောက်အထိ ပိုကြိုးစားလာသလဲဆိုတာ အချက်အလက်တွေအရရော၊ လက်တွေ့မှာပါ သိသိသာသာကြီး မြင်တွေ့နေရပါတယ်။ သွားရမယ့်လမ်းက အဝေးကြီးကျန်သေးပေမဲ့ တိုးတက်မှုတွေ အများကြီးရှိလာတာကတော့ အမှန်ပါပဲ" လို့ ဆိုပါတယ်။

"ဒါပေမဲ့ ဒီပျော်ရွှင်မှုတွေအပြီးမှာတော့ အလုပ်တွေကို ချက်ချင်းပြန်စရပါမယ်။ ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတဲ အသင်းကြီးတစ်ခုနဲ့ရင်ဆိုင်ရမယ့် အရေးကြီးပွဲစဉ်တွေအတွက် ပြန်လည်ပြင်ဆင်ရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေအောင် အကောင်းဆုံး ပြင်ဆင်သွားရပါမယ်" လို့ အက်ဒဝပ်က နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။