တစ်ချိန်ချိန်မှာ ရိုးမားဆီ ပြန်သွားချင်တယ်လို့ ဆိုလာတဲ့ အာဆင်နယ်ခံစစ်မှူးကာလာဖီအိုရီ
အာဆင်နယ်နောက်ခံလူကာလာဖီအိုရီက ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ရိုးမားဆီ တစ်ချိန်မဟုတ်တစ်ချိန် ပြန်သွားချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၂ ခုနှစ်မှာ ရိုးမားမှ ဆွစ်ဇာလန်အခြေစိုက် ဘေဆယ်လ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအသင်းမှာပဲ သူက ခြေစွမ်းကောင်းတွေ စတင်ပြသနိုင်ခဲ့ပါတယ်။
အီတလီမြို့တော်၊ ရောမမှာရှိနေချိန် ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့မှုကြောင့် သူ့ရဲ့တိုးတက်မှုတွေ နှောင့်နှေးခဲ့ရပေမဲ့ ကလေးဘဝကတည်းက အားပေးလာခဲ့တဲ့ ရိုးမားအပေါ်မှာတော့ ကာလာဖီအိုရီ သံယောဇဉ်ကြီးမားနေဆဲ ဖြစ်တယ်ဆိုတာ သိသာထင်ရှားလွန်းပါတယ်။
Supernova နဲ့ တွေ့ဆုံခန်းမှာ ကာလာဖီအိုရီက ရိုးမားအသင်းဆီ ပြန်သွားချင်တဲ့အကြောင်းနဲ့ အသင်းမှထွက်ခွာခဲ့ရတဲ့ အခြေအနေတွေကို အခုလိုပြန်လည်ပြောပြခဲ့ပါတယ်။
"ကျွန်တော် တစ်ချိန်ချိန်မှာတော့ ရိုးမားဆီ ပြန်သွားချင်ပါတယ်။ ဒါကို ကြိုတင်စီစဉ်ထားလို့ မရနိုင်တာ မှန်ပေမဲ့ ပြန်သွားချင်တယ်ဆိုတာတော့ အသေအချာပါပဲ" လို့ သူက ဆိုပါတယ်။
"အစပိုင်းတုန်းကတော့ အားလုံး အဆင်ပြေခဲ့ပါတယ်။ ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ မော်ရင်ဟိုလက်အောက် ပထမ ၆ လမှာ ပွဲတွေအများကြီးကစားခဲ့ရသလို ဂိုးဖန်တီးမှုတွေတောင် လုပ်ပေးနိုင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ ဘိုဒိုဂလင့်နဲ့ ရိုးမားတို့ရင်ဆိုင်ရချိန်၊ အဲဒီအချိန်ကစလို့ ကျွန်တော် ပွဲထွက်ခွင့် မရတော့ပါဘူး။ ဂျီနိုအာအသင်းဆီ အငှားနဲ့ သွားကစားခဲ့ပေမဲ့ အဲဒီမှာလည်း ပွဲမကစားခဲ့ရပါဘူး။ သုံးပွဲပဲ ကစားခဲ့ရတာပါ။ အဲဒီအချိန်မှာပဲ ရိုးမားက ကွန့်ဖရန့်လိဂ်ဖလားရသွားခဲ့ပြီး ကျွန်တော့်အတွက်တော့ အသင်းမှာ နေရာမရှိတော့ပါဘူး" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။