အာဆင်နယ်ကို Set Piece FC ဆိုပြီး ဝေဖန်နေကြသူတွေအပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တဲ့ ပီတစ်
ပရီးမီးယားလိဂ်ဦးဆောင်သူတွေကို "Set Piece FC" ဆိုတဲ့ နာမည်ပြောင်ပေးထားမှုနဲ့ပတ်သက်လို့ ဂန်းနားဂန္တဝင်ပီတစ် ဒေါသူပုန်ထနေပါတယ်။
အခုဘောလုံးရာသီမှာ အာဆင်နယ်က အလွတ်တည်ကန်ဘော(Set-piece) တွေမှတဆင့် ဂိုးရရှိဖို့ အဓိကဦးစားပေးကစားနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ငါးမှတ်ဖြတ်ဦးဆောင်ထားပါတယ်။
ဒါပေမဲ့ ပီတစ်ကတော့ talkSPORT ဆီ အခုလို ပြောကြားခဲ့ပါတယ်။ "သူတို့က အမြဲတမ်းအဆိုးမြင်တဲ့ မှတ်ချက်တွေကိုပဲပေးဖို့ ကြိုးစားနေကြပြီး အကောင်းဘက်ကို လုံးဝမကြည့်ကြပါဘူး။ ကောင်းတဲ့အချက် တစ်ခုခုကို ရှာဖို့တောင် မကြိုးစားကြပါဘူး။"
"ဒါဟာ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိနေတာကို အကောင်းမြင်စိတ်နဲ့မကြည့်ဘဲ လိုနေတဲ့ တစ်ဝက်ကိုပဲ အဆိုးမြင်ကြည့်နေသလိုပါပဲ။ အမြဲတမ်း ဒီလိုပုံစံအတိုင်းပါပဲ။"
သူက ဆက်ပြီး "ယမန်နေ့ပွဲစဉ်မှာ အာဆင်နယ် အနိုင်ရခဲ့တာတောင်မှ set pieces တွေအကြောင်းပဲ ပြောနေကြတယ်။ အိုကေ၊ နိုင်ပွဲရပြီး ၃ မှတ် ရဖို့က ပိုအရေးကြီးတာ မဟုတ်ဘူးလား?"
"ဘယ်သူကမှ အကောင်းမပြောကြဘူး။ အမြဲတမ်း ဒီလိုပါပဲ။ တကယ်တော့ အကောင်းပြောတာမျိုးက တော်တော်လေးကို ရှားပါတယ်" လို့ ဆိုပါတယ်။
"ဒီမနက် သတင်းစာဖတ်ကြည့်တော့လည်း အားလုံးက အဆိုးဘက်ကိုပဲ ရေးထားကြတယ်။ သိတယ်မလား? 'Set Piece FC' တို့ ဘာတို့ပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ နိုင်ပွဲရပြီး သုံးမှတ်အပြည့် ရရှိသွားတာပါပဲ။ အဲဒီအတိုင်းပဲ ပြောလိုက်ကြပါ" လို့ ပီတစ်က ပြောကြားသွားခဲ့ပါတယ်။