The network connection is lost.

Banner Image

မိုဆာလက်အတွက် ကြီးကျယ်ခမ်းနားတဲ့ အန်ဖီးလ်ကွင်းနှုတ်ဆက်ပွဲ ထိုက်တန်မှုအပြည့်ရှိတယ်လို့ လီဗာပူးနည်းပြအန်းစလော့ပြောကြား

အသင်းမှထွက်ခွာတော့မယ့် မိုဆာလက်ကို အခုဘောလုံးရာသီမကုန်ဆုံးခင်၊ ဒဏ်ရာမှပြန်လာနိုင်ပြီး အသင်းအတွက် ပွဲထွက်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်မိတယ်လို့ လီဗာပူးနည်းပြအန်းစလော့က အတည်ပြုခဲ့ပြီး အီဂျစ်ကြယ်ပွင့်ကို ကြီးကျယ်ခမ်းနားတဲ့နှုတ်ဆက်ပွဲနဲ့ ထိုက်တန်သူအဖြစ် ချီးကျူးပြောဆိုလိုက်ပါတယ်။

အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အန်ဖီးလ်မှထွက်ခွာမယ့် အီဂျစ်တိုက်စစ်မှူးက လွန်ခဲ့တဲ့သီတင်းပတ်၊ ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။ ဒါကြောင့် မိုဆာလက်အတွက် လီဗာပူးကစားသမားဘ၀နောက်ဆုံးပွဲစဉ် ဖြစ်သွားပြီလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၃၃ နှစ်အရွယ်ကစားသမားက ကြွက်သားဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ခြင်းဖြစ်ပြီး ရာသီမကုန်ဆုံးခင် ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ရတယ်လို့ လီဗာပူးအသင်းက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။

လီဗာပူးအသင်းက နောက်ဆုံးသုံးပွဲဆက်အနိုင်ရရှိထားလို့ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းနေပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။

"ရာသီအပိတ်ပွဲစဉ်တွေမှာ မိုဆာလက်ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပေမဲ့ တနင်္ဂနွေနေ့ပွဲစဉ်ကိုတော့ ပါဝင်ကစားနိုင်ဖို့ မရှိသေးပါဘူး" လို့ လီဗာပူးနည်းပြအန်းစလော့က သောကြာနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

"သူ့ရဲ့ဒဏ်ရာက မပြင်းထန်လို့ စိတ်သက်သာရာရမိပါတယ်။ သူက ကျွန်တော်တို့အတွက်ရော၊ ကမ္ဘာ့ဖလားမှာပါ ကစားသွားနိုင်ပါလိမ့်မယ်။ တကယ်လို့ ကြီးကျယ်ခမ်းနားတဲ့နှုတ်ဆက်ပွဲနဲ့ထိုက်တန်တဲ့ ကစားသမားတစ်ဦးရှိတယ်ဆိုရင် အဲဒါ မိုဆာလက်ပဲ ဖြစ်ပါလိမ့်မယ်" လို့လည်း ၎င်းက ဆိုပါတယ်။

မိုဆာလက်ဟာ ၂၀၁၇ ခုနှစ်၊ အန်ဖီးလ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း ပွဲ ၄၄၀ ကစား၊ ၂၅၇ ဂိုးအထိ သွင်းယူကာ လီဗာပူးအတွက် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ အီယန်ရပ်ရှ်နဲ့ ရော်ဂျာဟန့်တို့ပြီးရင် တတိယနေရာမှာ ရပ်တည်‌နေပါတယ်။