အာဆင်နယ်နဲ့ပွဲစဉ်ကို လွဲချော်မယ့် ဖူလ်ဟမ်ကွင်းလယ်ကစားသမားအီဝိုဘီ
ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားက အာဆင်နယ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အီဝိုဘီပါဝင်ကစားနိုင်ဖို့ မရှိဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။
ဖူလ်ဟမ်က လာမယ့်စနေနေ့၊ အာဆင်နယ်အသင်းရဲ့အမ်းမရိတ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ကစားချိန် လွန်ခဲ့တဲ့နှစ်ပတ်၊ ဘရန့်ဖို့ဒ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်ကို လက်လွှတ်သွားရပါဦးမယ်။
နေရာစုံကစားနိုင်တဲ့ ဒီကွင်းလယ်လူက အာတီတာရဲ့အသင်းနဲ့ရင်ဆိုင်ဖို့အတွက် အပြည့်အဝ ကြံ့ခိုင်မှုမရှိသေးဘူးလို့ ဆေးလ်ဗားက ဆိုပါတယ်။
"အီဝိုဘီ အခုထိ မကစားနိုင်သေးပါဘူး၊ ကယ်ဗင်လ်ရမ်ဆေးလည်း အလားတူပါပဲ။ တီတီကတော့ နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်နှစ်ခုအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်သွားရပါဦးမယ်။ သူကတော့ ဒီပွဲမှာ ပါဝင်လာနိုင်ခြေရှိပါတယ်" လို့ ဆေးလ်ဗားက ကလပ်ရဲ့ တရားဝင်ဝက်ဆိုဒ်မှတဆင့် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက "ကျွန်တော်တို့မှာ တခြားကစားသမားတချို့အတွက်လည်း ဒဏ်ရာအခြေအနေ စိုးရိမ်ရတာတွေ ရှိနေပါသေးတယ်၊ ဒါပေမဲ့ သီတင်းတစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တာတွေအပေါ် သူတို့ဘယ်လိုရှိမလဲဆိုတာ သိရဖို့ မနက်ဖြန်မှာ ထပ်ပြီး စစ်ဆေးသွားရပါဦးမယ်" လို့လည်း ဆိုခဲ့ပါတယ်။