လီဗာပူးတိုက်စစ်ကစားသမားဖလော်ရီယန်ဝစ်ဇ်ကို ပါရမီရှင်လို့ တင်စားခေါ်ဝေါ်လိုက်တဲ့ ဂျွန်အဲဒရစ်ချ်
လီဗာပူးဂန္ထဝင်ကစားသမားဂျွန်အဲဒရစ်ချ်က ဖလော်ရီယန်ဝစ်ဇ်ကို အသင်းအတွက် ရေရှည်မှာ အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့်သူလို့ ချီးကျူးပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်ရဲ့ခြေစွမ်းပိုင်းအပေါ် ဂျွန်အဲဒရစ်ချ်က အထူးသဘောကျနေပါတယ်။
Liverpool Echo အတွက်ရေးသားခဲ့တဲ့ ဆောင်းပါးမှာ ဂျွန်အဲဒရစ်ချ်က "ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဖလော်ရီယန်ဝဇ်က လီဗာပူးအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုစိန်ခေါ်မှုကတော့ အသင်းတိုက်စစ်ဆင်ချိန်တိုင်း သူ့ကို အရင်ထက်ပိုပြီး ပါဝင်ပတ်သက်ခွင့်ရအောင် လုပ်ဆောင်ပေးဖို့ပါပဲ။"
"ဖလော်ရီယန်ဝစ်ဇ်က အရေးပါတဲ့ ကစားသမားတစ်ဦးပါ။ အီဆက်ခ်နဲ့ အီကီတီကီတို့လည်း အလားတူပါပဲ၊ အီကီတီကီကတော့ လက်ရှိမှာ ဒဏ်ရာရနေတယ်ပေါ့။ ဒီကစားသမားတွေဆီမှ အကောင်းဆုံးခြေစွမ်းတွေ ထွက်လာအောင် အသင်းကို ဘယ်လိုပုံစံမျိုးနဲ့ခင်းကျင်းမလဲဆိုတာကတော့ နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်"
"စနေနေ့က လီဗာပူးရဲ့ဒုတိယဂိုးမှာ ဖလော်ရီယန်ဝစ်ဇ်ရဲ့ပါဝင်ပတ်သက်မှုက တကယ့်ကို အံ့မခန်းပါပဲ။ သူက ပါရမီရှင်တစ်ဦးပါ၊ ဒါပေမဲ့ သူ့ရဲ့အရည်အချင်းတွေကို အသင်းအတွက် အကျိုးရှိအောင် အကောင်းဆုံး အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။"
"သူ့ကို ပီတာဘိဒ်စလေရဲ့ ဗီဒီယိုတွေကို ကြည့်ခိုင်းသင့်တယ်။ ပီတာကတော့ ခံစစ်အထိပါ ပြန်ဆင်းပြီး ဖျတ်ထုတ်လေ့ရှိသူပါ။ ဝပ်စ်ကလည်း ခံစစ်အတွက် ပြန်ကူဖို့ ကြိုးစားတာမျိုး ရှိပေမဲ့ နေရာယူတာတွေနဲ့ ခံစစ်ကစားပုံမှာ အခုထက်ပိုပြီး တိုးတက်အောင် သင်ယူရပါဦးမယ်။ ဒါ သူအားသန်တဲ့အချက် မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်သိပါတယ်" လို့ ရေးသားခဲ့ပါတယ်။