အန်းစလော့ရဲ့ရာထူးနဲ့ပတ်သက်လို့ လီဗာပူးအသင်းရဲ့ရပ်တည်ချက် ထွက်ပေါ်လာ
လီဗာပူးအသင်းတာဝန်ရှိသူတွေက ရလဒ်တွေဆိုးရွားနေပေမဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရသူ နည်းပြအန်းစလော့ကို ဆက်လက်ယုံကြည်ထောက်ခံပေးသွားမယ်လို့ သိရပါတယ်။
စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခုအပြီးမှာ အသက် ၄၇ နှစ်အရွယ်နည်းပြနဲ့ လမ်းခွဲဖို့ လီဗာပူးအသင်း စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေလည်း အခုတလော အတော်လေးထွက်ပေါ်နေခဲ့တာပါ။
ဒါပေမဲ့ The Athletic သတင်းထောက် ဒေးဗစ်အွန်းစတိန်းရဲ့အဆိုအရတော့ အဲဒီသတင်းအချက်အလက်တွေ မှားယွင်းနေပြီး အသင်းရဲ့ အကြီးအကဲတွေက အန်စလော့ကိုပဲ အသင်းရဲ့ ဦးဆောင်သူအဖြစ် ဆက်လက်ထားရှိပြီး အနာဂတ်အတွက် စီမံကိန်းချနေတယ်လို့ သိရပါတယ်။
The Athletic FC ပေါ့ဒ်ကတ်စ်မှာ လီဗာပူးအသင်းရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အွန်းစတိန်းက "အခြားသတင်းတွေမှာ ဘယ်လိုပဲ ဖော်ပြနေပါစေ၊ ကျွန်တော်တို့ရရှိထားတဲ့သတင်းအချက်အလက်တွေအရ လီဗာပူးက အန်းစလော့ကိုပဲ ဆက်လက်ကိုင်တွယ်ခိုင်းသွားဖို့ရှိပြီး နည်းပြပြောင်းလဲဖို့ လုံးဝမစဉ်းစားထားပါဘူး။
သူတို့က အန်းစလော့နဲ့အတူ ရှေ့ဆက်ဖို့ စီစဉ်နေသလို အသင်းရဲ့ဦးစားပေးနဲ့ အဓိကထားလုပ်ဆောင်နေတဲ့အချက်ကလည်း နည်းပြဖြစ်သူ အောင်မြင်မှုရရှိအောင် သူအလိုရှိတဲ့ ကစားသမားစုဖွဲ့မှုကို တည်ဆောက်ပေးဖို့ပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။