ကျွန်တော်တို့နဲ့ရင်ဆိုင်ရမယ့်ကိစ္စကို ပီအက်စ်ဂျီ မျှော်လင့်ထားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အန်းစလော့
ဗုဒ္ဓဟူးနေ့၊ ဂါလာတာစာရေးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ၄-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူပြီးနောက် ဒီနိုင်ပွဲက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာရင်ဆိုင်ရမယ့် လက်ရှိချန်ပီယံပီအက်စ်ဂျီအတွက် သတိပေးချက်တစ်ခုဖြစ်လာလိမ့်မယ်လို့ လီဗာပူးနည်းပြအန်းစလော့က ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့ရာသီ ၁၆ သင်းရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီက အန်းစလော့ရဲ့အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ဖို့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက လီဗာပူးက ပရီးမီးယားလိဂ်ဦးဆောင်သူဖြစ်ခဲ့ပေမဲ့ အခုအချိန်၊ အန်းစလော့ရဲ့ဒုတိယမြောက်ရာသီမှာ အခက်အခဲတွေနဲ့ ပိုပြီးရင်ဆိုင်နေရပါတယ်။
ပြင်သစ်ချန်ပီယံပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့်အပေါ် အန်းစလော့က "သူတို့ရဲ့ စံချိန်စံညွှန်းတွေ ကျမသွားပါဘူး။ တိုးတက်လာဖို့တောင် ခဲယဉ်းလောက်အောင်ကို အခုထိ အထင်ကြီးစရာကောင်းနေတုန်းပါပဲ။ ဒါပေမဲ့ ဒီညပွဲအပြီးမှာတော့ သူတို့လည်း ကျွန်တော်တို့နဲ့ကစားရမှာကို သိပ်ပြီးပျော်နေမှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ Parc des Princes ကွင်းမှာ ကစားပုံအသာစီးမရရှိခဲ့ပေမဲ့ လီဗာပူးက ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အန်ဖီးလ်မှာ ပြန်ကစားချိန် အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားပြီး လီဗာပူးက ပိုကောင်းအောင်ကစားနိုင်ပေမဲ့ ပီအက်စ်ဂျီကပဲ ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ပင်နယ်တီအဆုံးအဖြတ်မှာပါ အနိုင်ယူပြီး နောက်တစ်ဆင့်တက်လှမ်းသွားခဲ့ပါတယ်။
အန်းစလော့က "အဝေးကွင်းမှာတုန်းကတော့ ကျွန်တော်တို့ လုံးဝအရေးနိမ့်ခဲ့တာပါ။ အန်ဖီးလ်မှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပါတယ်" လို့ အန်းစလော့က ဆိုပါတယ်။
ပြီးခဲ့တဲသီတင်းပတ်၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရချိန် အဓိကကစားသမားအချို့ကို အနားပေးခဲ့တဲ့ အန်းစလော့ရဲ့ဆုံးဖြတ်ချက်က အခုပွဲစဉ်မှာတော့ အလုပ်ဖြစ်သွားခဲ့ပါတယ်။
အခုပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာပါဝင်လာတဲ့ မိုဆာလက်က ပင်နယ်တီအပါအဝင် အခွင့်အရေးကောင်းအချို့ကို လွဲချော်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ ချန်ပီယံလိဂ် ဂိုး ၅၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။
"ဒါက ဆာလာရဲ့ စိတ်ဓာတ်ပိုင်း ဘယ်လောက်ခိုင်မာလဲဆိုတာ ပြနေတာပါ။ ကစားပုံအရ ၄၅ မိနစ်အတွင်းမှာ တစ်ဂိုးအသာနဲ့ပဲ ဦးဆောင်နေရတယ်ဆိုတာ တကယ်ကို မဖြစ်သင့်တဲ့ အခြေအနေမျိုးဖြစ်နေလို့ ပထမပိုင်းပြီးခါနီး ပင်နယ်တီလွဲခဲ့မှုက တကယ့်ကို ခက်ခဲတဲ့အခိုက်အတန့် ဖြစ်ပါတယ် " လို့ အန်းစလော့က ဆိုပါတယ်။
"ဒါပေမဲ့ ဒုတိယပိုင်းမှာ အခုလိုပုံစံမျိုးနဲ့ ပြန်လာနိုင်ခဲ့တယ်။ အီကီတီကီအတွက် အကောင်းဆုံးဂိုးဖန်တီးမှုလုပ်ပေးခဲ့သလို သူသွင်းယူခဲ့တဲ့ဂိုးကလည်း သူ့ရဲ့ ပုံစံအတိုင်း သေသပ်လှပပါတယ်" လို့ အန်းစလော့က ချီးကျူးစကား ဆိုခဲ့ပါတယ်။