အိုလီစီကို လီဗာပူးအသင်း စိတ်ဝင်စားနေမှုအပေါ် ရယ်သွေးရွှမ်းတုံ့ပြန်လိုက်တဲ့ ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌအူလီဟိုးနက်စ်
ဘိုင်ယန်မြူးနစ်အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအူလီဟိုးနက်စ်က အသင်းရဲ့တောင်ပံကစားသမားအိုလီစီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားလာပါတယ်။
လီဗာပူးကြယ်ပွင့် မိုဟာမက်ဆာလက်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အသင်းမှထွက်ခွာတော့မယ်ဆိုတဲ့အကြောင်းကို အခုသီတင်းပတ်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
အီဂျစ်တိုက်စစ်မှူးက အန်ဖီးလ်မှထွက်ခွာချိန် ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားစတဲ့ အောင်မြင်မှုမျိုးစုံကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မိုဆာလက်ရဲ့ ထွက်ခွာမယ့်သတင်း ထွက်ပေါ်လာပြီးနောက် ရာသီကုန်ရင် သူ့နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးအသင်းနဲ့ ကစားသမားတော်တော်များများအကြားမှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လတ်တလောထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ လီဗာပူးက လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်အိုလီစီကို ခေါ်ယူဖို့ ယူရိုသန်း ၂၀၀ အထိ ပေးချေဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပေမဲ့ ဟိုးနက်စ်ကတော့ ဒီသတင်းတွေကို လုံးဝဂရုမစိုက်ဘဲ ပယ်ချလိုက်ပါတယ်။
ဟိုးနက်စ်က "လီဗာပူးလ်က ဒီနှစ် (ပြီးခဲ့တဲ့ နွေရာသီ)မှာ ယူရို သန်း ၅၀၀ တောင် သုံးထားပြီးသားပါ။ ဒါပေမဲ့ သူတို့ရဲ့ဘောလုံးရာသီက တကယ်ကို ညံ့ဖျင်းနေပါတယ်။ လာမယ့်နှစ်မှာ သူတို့ ပိုကောင်းသွားစေဖို့အတွက် ကျွန်တော်တို့ဘက်က မကူညီပေးနိုင်ပါဘူး။
ကျွန်တော်တို့က ပရိသတ်တွေအတွက် ဘောလုံးကစားတာပါ။ ကျွန်တော်တို့မှာ အသင်းဝင် ၄၃၀,၀၀၀ ကျော်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ် သန်းပေါင်းများစွာ ရှိပါတယ်။ ကျွန်တော်တို့ ဘဏ်ထဲမှာ ယူရိုသန်း ၂၀၀ ရှိနေပြီး စနေနေ့တိုင်း ကစားတဲ့ပွဲတွေမှာ ပိုညံ့သွားမယ်ဆိုရင် ပရိသတ်တွေအတွက် ဘာမှ အကျိုးမရှိပါဘူး" လို့ ဘိုင်ယန်မြူးနစ်အကြီးအကဲက ပြောပါတယ်။
အိုလီစီက အခုရာသီ၊ ဂျာမန်ချန်ပီယံတွေအတွက် ၃၉ ပွဲကစားထားရာမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးပေးမှု ၂၇ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။