ပီအက်စ်ဂျီရဲ့ပွဲစဉ်ရွှေ့ဆိုင်းလိုက်လို့ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းမတိုင်ခင် ထိုးနှက်ချက်ကြီးတစ်ခုနဲ့ရင်ဆိုင်လိုက်ရတဲ့ လီဗာပူး
လီဗာပူးနဲ့ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် ပီအက်စ်ဂျီအသင်းရဲ့ လန်းစ်နဲ့ရင်ဆိုင်ကစားရမယ့် ပြည်တွင်းလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ပြင်သစ်ချန်ပီယံပီအက်စ်ဂျီက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ ပထမအကျော့ကို ဧပြီ ၈ ရက်၊ ပဲရစ်မှာ ကစားကာ ဒုတိယအကျော့ကိုတော့ ဧပြီ ၁၄ ရက်၊ အန်ဖီးလ်ကွင်းမှာ သွားရောက်ကစားရပါမယ်။
မူလအချိန်ဇယားအရ ပီအက်စ်ဂျီက လီဗာပူးနဲ့ ပထမအကျော့အပြီး သုံးရက်အကြာ၊ ဒုတိယအကျော့မတိုင်ခင် သုံးရက်အလိုဖြစ်တဲ့ ဧပြီ ၁၁ ရက်(စနေနေ့) မှာ အမှတ်ပေးချန်ပီယံဆုပြိုင်ဘက်လန်းစ်အသင်းနဲ့ အရေးပါတဲ့လိဂ်ပွဲစဉ်ကို ကစားဖို့ ရှိနေပါတယ်။
ဒါပေမဲ့ ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးအဖွဲ့ချုပ်(LFP)ရဲ့စီမံခန့်ခွဲရေးကောင်စီက အဲဒီပွဲစဉ်ကို ရွှေ့ဆိုင်းဖို့အတွက် ကန့်ကွက်သူမရှိ တစ်ခဲနက် ဆုံးဖြတ်ခဲ့ကြပါတယ်။
လန်းစ်အသင်းဘက်ကတော့ အခုလိုပွဲရွှေ့ဆိုင်းဖို့တောင်းဆိုမှုကို အပြင်းအထန်ကန့်ကွက်နေခဲ့ပါတယ်။ ဒီလိုကန့်ကွက်မှုကြားမှ အခုလိုဖြစ်လာခဲ့လို့ ချန်ပီယံလိဂ်နဲ့ လီဂူးဝမ်းပြိုင်ပွဲတွေရဲ့ ဂုဏ်သိက္ခာအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။
လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးရှိ ပီအက်စ်ဂျီနဲ့ ဒုတိယနေရာရှိ လန်းစ်တို့အကြား တစ်မှတ်သာ ကွာဟနေပြီး အခုဆုံးဖြတ်ချက်ကြောင့် လန်းစ်အသင်းရဲ့ ဒီရာသီလိဂ်ချန်ပီယံဆုမျှော်လင့်ချက်ကို ထိခိုက်စေနိုင်လို့ သေချာပေါက်စိတ်ပျက်နေပါလိမ့်မယ်။
တစ်ဖက်မှာတော့ လီဗာပူးအသင်းဟာ ဧပြီလ ၁၁ ရက် (စနေနေ့) မှာ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားရဖို့ရှိနေလို့ ပီအက်စ်ဂျီနဲ့ အိမ်ကွင်း/အဝေးကွင်းနှစ်ကျော့အကြား နားရက်မရှိပါဘူး။ ဒါက လီဗာပူးအတွက် အားနည်းချက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
BBC Sport နဲ့တွေ့ဆုံချိန် ပီအက်စ်ဂျီအသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဒီလိုမျိုးပွဲစဉ်တွေ ပြန်ညှိနှိုင်းတယ်ဆိုတာ အတိတ်မှာလည်း ပြင်သစ်ကလပ်တွေ အကျိုးရှိဖို့အတွက် LFP က လုပ်ပေးနေကျအရာဖြစ်ပြီး ဒါက လိဂ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုး လုံးဝမရှိပါဘူး" လို့ ဆိုပါတယ်။
LFP က အခုလအစောပိုင်းမှာလည်း ပီအက်စ်ဂျီကို ချယ်လ်ဆီးနဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေအကြား အနားရစေဖို့အတွက် လီဂူးဝမ်းပွဲစဉ်တွေကို အလားတူ ပြင်ဆင်ပေးခဲ့ဖူးပါတယ်။