
ချဲလ်ဆီးက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်လို့ ပြောကြားလာတဲ့ ဂါနာချို
မန်ချက်စတာယူနိုက်တက်မှ ချဲလ်ဆီးသို့ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံကစားသမားအလီဂျန်ဒရိုဂါနာချိုက ယခုအခါမှာတော့ ချဲလ်ဆီးဟာ ကမ္ဘာ့ကောင်းဆုံးဘောလုံးအသင်းဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ယခုနွေရာသီအတွင်း တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့က ဂါနာချိုကို အိုးလ်ထရက်ဖို့ဒ်မှ ခေါ်ယူနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ ချဲလ်ဆီးသို့ရောက်ရှိပြီးနောက် ပထမဆုံးပြုလုပ်တဲ့အင်တာဗျူးမှာပဲ ချဲလ်ဆီးဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းဖြစ်ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ ဂါနာချိုအနေနဲ့ အခုလိုချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ခြင်းမှာ နိုင်ငံ့လက်ရွေးစင်အသင်းဖော် အန်ဇိုဖာနန်ဒက်ဇ်ရဲ့ လွှမ်းမိုးမှုတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ ဂါနာချိုဟာ ယူနိုက်တက်အကယ်ဒမီမှာကြီးပြင်းခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အသင်းကြီးအတွက်စတင်ပွဲထွက်ကစားခွင့်ရခဲ့ကာ စုစုပေါင်း ၁၄၄ ပွဲကစားထားပြီး ၂၆ ဂိုးသွင်းယူပေးထားပါတယ်။
သို့သော်လည်း ယခုနှစ် ၂၀၂၅-၂၆ ရာသီမှာတော့ ဂါနာချိုဟာ နည်းပြရူဘင်အာမိုရင်ရဲ့လက်အောက်မှာ နေရာရဖို့ရုန်းကန်နေရတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖို့ စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ချဲလ်ဆီးဟာ ဂါနာချိုကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူပြီး ၇ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဂါနာချိုက "ကျွန်တော့်မှာ အမြဲတမ်းအနိုင်ရချင်စိတ်ရှိပါတယ်။ ဗိုလ်လုပွဲတွေကစားရတဲ့အခါမှာ ပွဲထွက်ပါဝင်ပြီး သွင်းဂိုးတွေရယူချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ဆန္ဒပါပဲ။ ကျွန်တော့်ရဲ့ပုံစံက ချဲလ်ဆီးနဲ့ ကွက်တိကျမယ်လို့ထင်ပါတယ်။ ဒီအသင်းက မကြာသေးမီကမှ ကလပ်ကမ္ဘာ့ဖလားကိုဆွတ်ခူးထားခဲ့တာပါ"
"အခုချိန်မှာ ချဲလ်ဆီးက ထိပ်ဆုံးနေရာကိုရောက်နေပြီး ပရိသတ်အားပေးမှုနဲ့ထိုက်တန်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ကျွန်တော်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုကြည့်ခဲ့ပြီး အခုလို ဆုဖလားချန်ပီယံတွေနဲ့ချိတ်ဆက်ခွင့်ရတာ ဝမ်းသာစရာပါ။ ဒီအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ ကျွန်တော့်ရဲ့အသက်အရွယ်နဲ့ ပွဲတွေအများကြီးကစားထားရတာ ကျွန်တော့်ရဲ့အားသာချက်ပါပဲ။ ကျွန်တော့်မှာ အတွေ့အကြုံတွေအများကြီးရှိနေပါတယ်။ အသင်းကို ကျွန်တော်တတ်နိုင်သလောက်ကူညီသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာဂျင်တီးနားအသင်းဖော် ဖာနန်ဒက်ဇ်ကလည်း သူ့ကို ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ ဆွဲဆောင်ခဲ့ကြောင်းကို ဂါနာချိုက "ဒီနွေရာသီအတွင်း ကျွန်တော်အန်ဇိုနဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့ပြီး သူကလည်း "မင်းဘယ်တော့လာမှာလဲ" ဆိုတာပဲဆက်တိုက်မေးနေခဲ့ပါတယ်။ ကျွန်တော်ကတော့ စိတ်ရှည်ရှည်ထားဖို့ပြောခဲ့ပြီး အခုတော့ အတူတူကစားခွင့်ရပါတော့မယ်။ အသင်းအတွက်ကစားပေးဖို့ မစောင့်နိုင်တော့ပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ နိုင်ငံတကာပွဲစဉ်တွေ စတင်တော့မှာဖြစ်လို့ ကစားသမားတွေအနေနဲ့ ၂ ပတ်လောက်အထိ အနားရသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ချဲလ်ဆီးဟာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။