The network connection is lost.

Banner Image

တော့တင်ဟမ်ရဲ့စွမ်းဆောင်ရည်ပိုင်းညံ့ဖျင်းမှု ကို အလျှင်အမြန်မပြောင်းလဲပေးနိုင်ဘူးလို့ ပြောဆိုလိုက်တဲ့ သောမတ်စ်ဖရန့်ခ်

နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဖိအားတွေအောက် ရောက်ရှိသွားတဲ့ သောမတ်စ်ဖရန့်ခ်က တော့တင်ဟမ်ပရိသတ်တွေဆီ စိတ်ရှည်သည်းခံပေးကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ လက်တလောမှာ တော့တင်ဟမ်က ပရီးမီးယားလိဂ် ၁၆ ပွဲကစားပြီးချိန်၊ ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၁ နေရာမှာ ရှိနေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာအနိုင်ရရှိထားတဲ့ သောမတ်စ်ဖရန့်ခ်ရဲ့အသင်းက လာမယ့်ဒီဇင်ဘာ ၂၀ ရက်မှာ လက်ရှိချန်ပီယံလီဗာပူးကို ဧည့်ခံကစားသွားရဖို့ ရှိနေပါတယ်။ ဖောရက်စ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး သောမတ်ခ်ဖရန့်ခ်က အသင်းရဲ့လက်ရှိပုံစံကောင်းပျောက်ဆုံးနေမှုကို အလျှင်အမြန်ပြုပြင်ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဆိုရင်း သူ့ရဲ့အကြံဉာဏ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အချိန်ပိုပေးကြဖို့ တော့တင်ဟမ်ပရိသတ်တွေဆီ တိုက်တွန်းခဲ့ပါတယ်။

ပရိသတ်တွေရဲ့စိတ်ရှည်သည်းခံပေးမှုကို ရရှိနိုင်မလားဆိုတဲ့မေးခွန်းအပေါ် ဒိန်းမတ်သားနည်းပြက “ဘာလို့ မဖြစ်နိုင်ရမှာလဲ? အချိန်သာမပေးရင် ပြုပြင်ပြောင်းလဲပေးဖို့ ဘယ်သူ့အတွက်မှ မဖြစ်နိုင်ဘူးဆိုတာ အတော်လေးထင်ရှားတယ်လို့ ထင်ပါတယ်။ ဒါက အလျှင်အမြန်ပြီးဆုံးသွားမယ့်ကိစ္စ မဟုတ်ပါဘူး။

ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ အရာအားလုံးကို လုပ်ဆောင်ပါတယ်။ ကျွန်တော့်ရဲ့စိတ်ထဲမှာတော့ မုန်တိုင်းထန်နေသလိုပါပဲ။ အမှန်ပါပဲ၊ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ပွဲစဉ်သုံးခုအပြီး ဒီနေ့မှာ ကျွန်တော်တို့တွေ ပိုကောင်းအောင် မလုပ်နိုင်ခဲ့လို့ အလွန်စိတ်ပျက်မိပါတယ်။

တည်တည်ငြိမ်ငြိမ်ရှိဖို့ ရှင်းလင်းပြတ်သားတဲ့သတင်းစကားတွေ အချိန်ကိုက်ပေးပို့ဖို့ဆိုတာ အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါမှသာ အခြားသူတွေလည်း ကျွန်တော့်ရဲ့အတွေးတွေကို သံသယမဝင်နိုင်မှာပါ။ ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာနဲ့ပတ်သက်လို့ ကျွန်တော် အတိအလင်းဝန်ခံပါတယ်။ ဒီနေ့မှာဆိုရင်လည်း အလွန်ဆိုးရွားတဲ့စွမ်းဆောင်ရည်ပိုင်းတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် ပွင့်ပွင့်လင်းလင်းဝန်ခံပါတယ်။ ဒါနဲ့ပတ်သက်လို့ လုပ်နိုင်မယ့်လမ်းကြောင်း တစ်ခုပဲရှိပါတယ်။

ဒါပေမဲ့ ပြုပြင်ပြောင်းလဲဖို့ဆိုတာ အချိန်အနည်းငယ်ကြာမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဘယ်သူမှတော့ ဒီလိုစကားမျိုး မကြားချင်ကြပါဘူး။ ဒါပေမဲ့ ဒါက အရှိတရားပါပဲ။ အသင်းကိုစောင့်ကြည့်နေသူတွေက တည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုး အနည်းငယ်ပျောက်ဆုံးနေတယ်လို့ ပြောလာမယ်ဆိုရင် မျှတတဲ့ပြောဆိုမှုလို့ ထင်ပါတယ်။ ဒါက အဓိကအချက်ပါ။ ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားနေပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။