The network connection is lost.

Banner Image

ဖောရက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီးနောက် လီဗာပူးအတွက် ဘာတွေလိုအပ်နေသလဲဆိုတာ ရှင်းပြလာတဲ့ ဗန်ဒိုက်

ယမန်နေ့ညပိုင်း၊ နော်တင်ဟမ်ဖောရက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်မှုနဲ့အတူ ကြိုးကြာနီတွေရဲ့ခြေချော်မှု ဆက်လက်ဖြစ်ပေါ်နေချိန်မှာပဲ လီဗာပူးကပ္ပတိန်ဗန်ဒိုက်က စိတ်ဓါတ်တက်ကြွစေမယ့် ကြွေးကြော်သံတစ်ခု ထုတ်လွှင့်ခဲ့ပါတယ်။အန်းစလော့ရဲ့အသင်းကို နော်တင်ဟမ်ဖောရက်စ်ရဲ့ဒုက္ခပေးမှုအပြီး ဗန်ဒိုက်က လီဗာပူးကစားသမားတွေဆီ မိမိကိုယ်ကိုယ်ပြန်သုံးသပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုအန်ဖီးလ်ကွင်းဂိုးပြတ်ရှုံးနိမ့်မှုနဲ့အတူ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက အင်္ဂလန်ထိပ်တန်းလိဂ်နောက်ဆုံးခုနစ်ပွဲအနက် ခြောက်ကြိမ်မြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း မူရီလိုက ဦးဆောင်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်းစတင်လာချိန်မှာပဲ ဆာဗိုနာနဲ့ ဂစ်ဝှိုက်တို့က သွင်းဂိုးကိုယ်စီရယူခဲ့လို့ လီဗာပူးပရိသတ်တွေ စောစောစီးစီးပဲ အိမ်ပြန်သွားခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ သူတို့အသင်းကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ပတ်သက်လို့ ပြင်းထန်တဲ့အကဲဖြတ်ချက်တစ်ခု ပွင့်ပွင့်လင်းလင်းပြုလုပ်ခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်က “ ကျွန်တော့်အမြင်အရ အိမ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခြင်းက အလွန်ဆိုးရွားလွန်းလို့ လူတိုင်းလူတိုင်း စိတ်ပျက်နေကြပါတယ်။

အနည်းဆုံးတော့ ကျွန်တော်ပြောနိုင်တဲ့အချက်က ဒီလောက်ပါပဲ။ ကျွန်တော်တို့ပေးလိုက်ရတဲ့ဂိုးတွေက အလွန်လွယ်ကူလွန်းနေပြီး ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖို့တော့ လိုအပ်နေပါပြီ။ ကျွန်တော်က ဒီကလပ်အသင်းမှာ အချိန်အတော်ကြာရှိခဲ့ပြီး အခက်အခဲတွေကိုလည်း ကျော်ဖြတ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ပြန်လာနိုင်မှာဖြစ်ပေမယ့် ချက်ချင်းတော့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အလွယ်တကူလက်လျှော့တတ်သူမဟုတ်လို့ ကျွန်တော်တို့ ခရီးဆက်ရပါလိမ့်မယ်။

ကွင်းတွင်းမှ ပရိသတ်တွေ စောစောစီးစီးထွက်ခွာသွားတဲ့ကိစ္စကို ကျွန်တော်လည်း အဆုံးအဖြတ်မပေးနိုင်ပါဘူး။ ပရိသတ်တွေကိုယ်တိုင် ကျွန်တော်တို့နဲ့အတူ အခက်အခဲတွေဖြတ်သန်းခဲ့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ကျွန်တော်တို့က ဒီအခြေအနေအောက်မှ လွတ်မြောက်မယ်ဆိုတာ သေချာနေလို့ ကျွန်တော်တို့ ပြန်လွတ်မြောက်လာချိန်ကျရင် သူတို့တွေ ကျွန်တော်တို့နဲ့အတူ ရှိနေပါလိမ့်မယ်”လို့ ပြောပါတယ်။

မူရီလိုရဲ့အဖွင့်ဂိုးမှာဆိုရင် အီလီယော့အန်ဒါဆန်ရဲ့ထောင့်ကန်ဘောမှတဆင့် ဖြစ်တည်လာခဲ့ပြီး ဒါက အခုဘောလုံးရာသီ၊ တည်ကန်ဘော(Set-piece)တွေကို ကာကွယ်ရာမှာ ရုန်းကန်နေရတဲ့ လီဗာပူးအတွက် မစိမ်းလှတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ အန်းစလော့ရဲ့အသင်းက အခုဘောလုံးရာသီမှာ ပယ်နယ်တီမပါ၊ အလွတ်တည်ကန်ဘောမှတဆင့် ကိုးဂိုးအထိ ခွင့်ပြုပေးထားရပါတယ်။ ဗန်ဒိုက်ကတော့ လတ်တလောခြိမ်းခြောက်မှုတွေအတွက် သူ့ရဲ့ဘောလုံးရှင်းထုတ်ပုံအားနည်းမှုအပြင် ပြစ်တင်ဝေဖန်မှုအချို့ ပြုလုပ်သွားခဲ့ပါတယ်။

လီဗာပူးကပ္ပတိန်က “ ဂိုးတွေအများကြီး လွယ်လွယ်ကူကူပဲ ခွင့်ပြုပေးနေရပါတယ်။ အခုပွဲစဉ်မှာလည်း သူတို့တွေ အလွတ်တည်ကန်ဘောမှတဆင့် ဂိုးသွင်းယူသွားပြန်ပါတယ်။ ပြိုင်ဘက်က အလီဆင်ရဲ့မြင်ကွင်းကို ပိတ်ဆို့နေသလားဆိုပြီး မေးခွန်းထုတ်လို့ရပါတယ်။ ဒါလည်း အရေးပါတဲ့အချက်ပါ။ ဒါကြောင့် ကျွန်တော်တို့ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။

တိုက်ပွဲတွေ၊ စိန်ခေါ်မှုတွေနဲ့ လောကြီးမှုအပိုင်းတွေက ကျွန်တော်တို့အတွက် မကောင်းလှပါဘူး။ အခုတော့ အရမ်းခက်ခဲတဲ့အခြေအနေတစ်ခုဆီ ရောက်ရှိနေပါပြီ။ ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်တို့မှာ စိုးရိမ်စိတ်တွေ များပြားလာပါတယ်။ အရင်တုန်းကတော့ အဲ့ဒီလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က အရာအားလုံးကို အလျှင်စလိုကြိုးစားလာခဲ့ပြီး ဒါကလည်း အခက်အခဲဆုံးအခြေအနေတစ်ခုဆီ ရောက်ရှိနေတဲ့ လူသားတစ်ဦး ဖြစ်နေလို့ပါပဲ။

ကျွန်တော်တို့အတွက် အရမ်းခက်ခဲတဲ့အခြေအနေတစ်ခုမှာ ရောက်ရှိနေပါတယ်။ ဒီအကြောင်းတွေ ထိုင်ပြောနေရုံနဲ့ မလွတ်မြောက်နိုင်ပါဘူး။ ကြိုးစားအားထုတ်မှု အများကြီးလိုအပ်ပါတယ်။ ဒါက ပြဿနာတစ်ရပ်ပါ။ အသင်းမှာရှိတဲ့သူတိုင်း တာဝန်ယူရပါမယ်။ ဘောလုံးဆိုတာ အသင်းတစ်ခုဖြစ်ပြီး လူတိုင်း တာဝန်ယူဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့က ဒါတွေကိုနားလည်ထားပြီး သည်းခံရပါမယ်။ ကျွန်တော်တို့တွေ ပိုကြိုးစားရပါမယ်။ ကျွန်တော်တို့တွေ ရှေ့ဆက်သွားရပါမယ်”လို့ ပြောပါတယ်။