အိမ်ကွင်းမှာ ဖူလ်ဟမ်ကိုအရေးနိမ့်ပြီးနောက် ပရိသတ်တွေကို တောင်းပန်စကားဆိုလာတဲ့ ဗီကာရီယို
စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လန်ဒန်ဒါဘီပြိုင်ဘက် ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၁-၂ နဲ့အရေးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်ဂိုးသမား ဗီကာရီယိုက ပရိသတ်တွေကို တောင်းပန်စကားပြောကြားလာခဲ့ပါတယ်။ အသက်-၂၉ နှစ်အရွယ် ဂိုးသမားဟာ သူ့ရဲ့အမှားမှတစ်ဆင့် ဖူလ်ဟမ်ဘက်ကို ဒုတိယဦးဆောင်ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပြီး ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ တော့တင်ဟမ်ဟာ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာနိုင်ထားတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာအထိကျဆင်းသွားခဲ့ပြီး နည်းပြချုပ်သောမတ်စ်ဖရန့်ခ်အပေါ်မှာလည်း ဖိအားတွေတိုးလာခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဗီကာရီယိုက သူ့အနေနဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်မှုကြောင့် အနှောင့်အယှက်မဖြစ်ကြောင်းကို "ဒီလိုလှောင်ပြောင်မှုတွေက ဘောလုံးရဲ့အစိတ်အပိုင်းပါ။ ကျွန်တော်ကအရွယ်ရောက်နေတဲ့လူကြီးတစ်ယောက်ပါ။ ဒီလိုဟာတွေကိုနားလည်ပါတယ်။ ကျွန်တော်ဘာမှလည်းပြန်မပြောနိုင်ပါဘူး"
"ကွင်းထဲကအခြေအနေတွေကကျွန်တော့်ကို လွှမ်းမိုးလို့မရနိုင်ပါဘူး။ ပရိသတ်တွေအနေနဲ့ သူတို့ထင်တာကို လုပ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ကတော့ အေးဆေးတည်ငြိမ်ဖို့နဲ့ပွဲကိုပဲအာရုံစိုက်ဖို့လုပ်ထားပါတယ်။ ဒီနေ့ညရှုံးနိမ့်မှုက ဆိုးဝါးပါတယ်။ လက်ခံဖို့လည်းခက်ခဲတဲ့ရလဒ်ပါ"
"အသင်းရဲ့ရလဒ်တွေကို ပိုကောင်းလာစေချင်ပါတယ်။ ပွဲတွေကို ကိုယ့်ဘက်ကပဲဦးဆောင်ပြီး သေချာပေါက်အနိုင်ရချင်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ရှုံးသွားပါတယ်။ ရလဒ်ကိုပြောင်းပြန်ပြန်လှန်ဖို့ မိနစ် ၉၀ လောက်အထိအချိန်ရခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ဖို့ ကျရှုံးခဲ့ရပါတယ်။ ဒီရှုံးနိမ့်မှုအတွက် ပရိသတ်တွေကိုတောင်းပန်ပါတယ်။ နာကျင်ရတဲ့ရှုံးနိမ့်မှုပါ" လို့ပြောကြားခဲ့ပါတယ်။