The network connection is lost.

Banner Image

ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ VAR ကို ပြစ်တင်ဝေဖန်လိုက်တဲ့ သောမတ်စ် ဖရန့်ခ်

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်က နော်တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ သိသိသာသာ ပင်နယ်ရရှိနိုင်တဲ့ ပြစ်ဒဏ်ဘောတွေကို ပယ်ချခံခဲ့ရတာကြောင့် VAR ကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်လာခဲ့တာြဖစ်ပါတယ်။

ဘရန့်ဖို့ဒ်ဟာ ပင်နယ်တီ ရရှိနိုင်ဖို့ အခွင့်အရေး ၃ ကြိမ်ခန့် ရှိခဲ့သော်လည်း VAR ကတော့ ခွင့်ပြုဖို့ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဖရန့်ခ်က “VAR အကြောင်းပြောရရင် အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုးရရှိခဲ့တဲ့ အပြင် ပွဲကစားချိန်တစ်ဝက်လောက်ကို ၁ ယောက်အသာနဲ့ ကစားနိုင်ခဲ့သော်လည်း နိုင်ပွဲ မရရှိခဲ့တာကြောင့် ဒီပွဲဟာ ဖရန့်ခ်အတွက် စိတ်ပျက်စရာဖြစ်နေမှာ အသေအချာပါပဲ။

ပထမပိုင်းပြီးကာနီးမှာ ဖောရက်စ် ကွင်းလယ်လူ ဒိုမင်ဂွတ်စ်နဲ့ နောက်ခံလူ ဘီုလီတို့ ဂိုးဧရိယာအတွင်း ဘောလုံးကို လက်နဲ့ထိခဲ့ကြသော်လည်း ဘရန့်ဖို့ဒ်အသင်းကတော့ ပင်နယ်တီ မရရှိခဲ့ပါဘူး။ ဒါ့အပြင် ဖောရက်စ်ဂိုးသမား တာနာက ဘရန့်ဖို့ဒ် တိုက်စစ်မှူး ဝစ်ဆာ ကြမ်းကြမ်းတမ်းတမ်းဖြတ်ထုတ်ခဲ့သေးတာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်နည်းပြက “လက်ထိဘောတွေနဲ့ ပတ်သက်ပြီး အချို့မန်နေဂျာတွေက ပင်နယ်တီ ပင်နယ်တီနဲ့ အော်နေကြပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီလိုမလုပ်ပါဘူး။ အဲဒီလိုလုပ်ရပ်မျိုး ကျွန်တော်တို့အသင်းကို လာလုပ်ရင်လည်း မကြိုက်ပါဘူး။ ဒါပေမယ့် ဝစ်ဆာကို ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကတော့ ရှင်းရှင်းလင်းလင်းကြီးကို ပင်နယ်တီ ပေးရမှာပါ။ VARက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ကျွန်တော်တို့ကစားသမားတွေက ရိုးသားလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ ပြင်းပြင်းထန်ထန်စောဒက တက်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ရိုးသားတဲ့လူကို သဘောကျပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

စနေနေ့က တော့တင်ဟမ်နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာလည်း လီဗာပူးကစားသမား လူးဝစ် ဒီယက်ဇ်ရဲ့ ဂိုးကို VAR ကမှားယွင်းစွာ ဂိုးအဖြစ်မှပယ်ဖျက်ခဲ့သေးတာဖြစ်ပါတယ်။ ယခုပွဲစဉ်ရဲ့ VAR ထိုင်ခုံမှာ မိုက်ကယ်အိုလီဗာ ထိုင်နေခဲ့သော်လည်း ပြောင်းပြန်ဖြစ်စေတဲ့ ဆုံးဖြတ်ချက်အချို့ကိုကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံလူ နီယာခါတေးရဲ့ ဒုတိယအကြိမ်အဝါကတ်ပြစ်ဒဏ်ကို ဖောရက်စ်ကစားသမားတွေက ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြသော်လည်း ဒိုင်လူကြီးကတော့ ကစားသမားကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဖောရက်စ်နည်းပြ စတိဗ်ကူပါက “ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လူပြောစရာတွေဖြစ်နေပါပြီ။ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နေကြရတာကြောင့် ဒိုင်လူကြီးတွေကို အဆင့်အတန်းရှိစေချင်ပါတယ်။ သူတို့ကို အလုပ်ကောင်းကောင်းလုပ်စေချင်ပါတယ်။ ကျွန်တော့်အဖေ ကိတ်သ်ကလည်း ဒိုင်လူကြီးတစ်ယောက်ပါ။ ဒိုင်လူကြီးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချစေချင်ပါတယ်။ ဒါမှ သူတို့ကိုယ်သူတို့ ကူညီနိုင်မှာပါ” လို့ပြောကြားခဲ့ပါတယ်။

ပွဲအစမှာ နော်တင်ဟမ်ဖောရက်စ်ဘက်မှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဝိုနီရီရဲ့ သွင်းဂိုးကိုလည်း လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အတွက် ဦးဆောင်ဂိုးကို ‌ဖောရက်စ်နောက်ခံလူ နီယာခါတေးရဲ့ အနီကတ်ဖြစ်‌စေခဲ့တဲ ပြစ်ဒဏ်ဘောမှတစ်ဆင့် နော်ဂတ်က ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ‌ဖောရက်စ်ရဲ့ချေပဂိုးကိုတော့ ကွင်းလယ်လူ ဒိုမင်ဂွတ်စ်က ခေါင်းတိုက်သွင်းယူ‌ပေးခဲ့တာဖြစ်ပါတယ်။

ဖော်ရက်စ်ကွင်းလယ်လူ မော်ဂန်ဂစ်ဘ်စ်ဝှိုက်ဟာ ယခုပွဲမှာ အရန်ခုံမှာသာ ပါဝင်လာပေမယ့် ၎င်းဝင်လာပြီးမကြာမီမှာပဲ ဖောရက်စ်တို့ ချေပဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ သာမန်ပွဲကစားချိန်အပြီးမှာတော့ အချိန်ပို ၁၃ မိနစ်အထိ သတ်မှတ်ပေးခဲ့သော်လည်း ၂ သင်းစလုံးက ဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့် ၁-၁ ဆိုတဲ့သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။