ပေါင် ၁၂၄ သန်းတန်တိုက်စစ်စုဖွဲ့မှုကို စတင်ဖို့ လိုလားနေတဲ့ နယူးကာဆယ်ကြယ်ပွင့်ဝေါ်လ်တီမိတ်
နောက်ထပ်ပွဲစဉ်တစ်ခုမှာလည်း ကွင်းတွင်းအတူတကွတွဲဖက်ကစားနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပြီးနောက် ဝေါ်လ်တီမိတ်က ဝစ်ဆာနဲ့အတူ တွဲဖက်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ နည်းပြအက်ဒီဟိုဝီရဲ့အလှည့်ကျလူထုတ်ပုံနဲ့အတူ ဝေါ်လ်တီမိတ်နဲ့ ဝစ်ဆာတို့က အခုအချိန်အထိ တွဲဖက်ကစားနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ ပွဲကျပ်ကာလပြင်းထန်လာသလို နယူးကာဆယ်အတွက်လည်း ခက်ခဲကြမ်းတမ်းတဲ့ခရီးစဉ်တွေ စောင့်ကြိုနေလို့ ဟိုဝီရဲ့နည်းဗျူဟာပိုင်းဆိုင်ရာအပြောင်းအလဲတစ်ခု လိုအပ်ကောင်းလိုအပ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ရချိန် နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျာမန်လက်ရွေးစင်ကစားသမားက ကွင်းတွင်းမှာ ဝစ်ဆာနဲ့အတူ တွဲဖက်ကစားကာ ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်နေပြန်ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဝေါ်လ်တီမိတ်က “ ကောင်းပါတယ်။ အခုဆိုရင် သုံးရက်တစ်ပွဲနှုန်းနဲ့ ပွဲတွေအများကြီးကစားရပါလိမ့်မယ်။ ဇန်နဝါရီလထဲမှာဆိုရင် ကိုးပွဲအထိ ကစားသွားရပါမယ်။ ကျွန်တော်တို့အသင်းအတွက် အရည်အသွေးမြင့်ကစားသမားတွေ ဝင်ရောက်လာတယ်ဆိုတာ ကောင်းပါတယ်။ ဒါကိုပဲ ကျွန်တော်တို့တွေ လိုအပ်နေတာပါ။ ကျွန်တော်တို့တွေ အတူတကွတွဲဖက်ကစားနိုင်မယ်လို့ ထင်ပါတယ်။ အခုတော့ ကျွန်တော်တို့နှစ်ဦးလုံး ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေပါပြီ။ ဒီအတိုင်းပဲ ဆက်ရှိသွားဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
ဂေါ်ဒွန်နဲ့ ဝေါ်လ်တီမိတ်အကြား တွဲဖက်ကစားနိုင်မှုက ချဲလ်ဆီးနဲ့ရင်ဆိုင်ရတဲ့ စနေနေ့ပွဲစဉ်အတွင်း ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဂေါ်ဒွန်က ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့သလို ဝေါ်လ်တီမိတ်ရဲ့ဦးဆောင်ဂိုးမှာလည်း ကြီးကြီးမားမားပါဝင်ပတ်သက်ခဲ့ပါတယ်။
စတုဂတ်မှ နယူးကာဆယ်ဆီ ပေါင် ၆၉ သန်းဖြင့် ရောက်ရှိလာပြီးနောက်ပိုင်း ဝေါ်လ်တီမိတ်က ကိုးဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ ဂေါ်ဒွန်နဲ့တွဲဖက်ကစားပုံတိုးတက်လာမှုနဲ့ပတ်သက်လို့ ဝေါ်လ်တီမိတ်က “ ကျွန်တော်တို့နှစ်ဦးလုံး အရမ်းကောင်းခဲ့ကြပါတယ်။ ပထမဂိုးဆိုရင် ကောင်းမွန်တဲ့ဖိအားပေးမှုမှတဆင့် ပေါ်ထွက်လာခဲ့တာပါ။ ပြိုင်ဘက်ဂိုးဧရိယာအတွင်း တစ်ဦးချင်းရင်ဆိုင်မှုရှိခဲ့ပြီး ဘောလုံးက ကျွန်တော့်ဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒုတိယဂိုးမှာလည်း အရမ်းကောင်းတဲ့ဖြတ်တင်ဘောတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ High Line ပုံစံမျိုးနဲ့ ကျွန်တော်တို့ကစားပြီး ဂိုးဧရိယာထဲမှာ ဘောလုံးရရှိချိန် အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
လတ်တလော နယူးကာဆယ်အတွက် ခြေစွမ်းပြနေတဲ့တိုက်စစ်မှူးနဲ့ပတ်သက်လို့ နည်းပြအက်ဒီဟိုဝီကလည်း “ ဒီနေ့မှာ ဝေါ်လ်တီမိတ်က ကျွန်တော်တို့အတွက် သူ့ရဲ့အကောင်းဆုံးပွဲစဉ်အဖြစ် အရမ်းကောင်းအောင် ကစားသွားခဲ့ပါတယ်။ သူက တိုက်စစ်ဗဟိုချက်မှာ စည်းချက်ညီညီလှုပ်ရှားသွားခဲ့ပါတယ်။ မောပန်းခြင်းအလျှဉ်းမရှိ ပြေးလွှားနေခဲ့ပြီး အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးချသွားပါတယ်”လို့ ဆိုပါတယ်။