ယူနိုက်တက်ရဲ့ရုန်းကန်ရမှုက နည်းပြတွေနဲ့မသက်ဆိုင်ကြောင်း ပြောကြားလာတဲ့ ရော်နယ်ဒို
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုက လက်ရှိအသင်းရဲ့ ရုန်းကန်နေရမှုတွေက နည်းပြတွေနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ထောက်ပြလာခဲ့ပြီး ရူဘင်အာမိုရင်ကို ကာကွယ်ပြောဆိုလာခဲ့ပါတယ်။
နည်းပြ အဲရစ်တန်ဟက်ကိုထုတ်ပယ်အပြီးမှာ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ နည်းပြသစ် အာမိုရင်လက်ထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို မြင်တွေ့ရမယ်လို့ ယူဆထားခဲ့ပေမယ့် လောလောဆယ်မှာတော့ ထူးခြားမှုရှိမလာသေးပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့နံနက်က ဝုဗ်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့အပြီးမှာ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၃ ပွဲဆက်အရှုံးနဲ့ကြုံတွေ့ခဲ့ရသလို၊ အာမိုရင်လက်ထက် ၁၀ ပွဲကစားထားရာမှာ ၅ ပွဲအထိရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
ယခုအခါမှာတော့ ရော်နယ်ဒိုက “ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အခက်ခဲဆုံး ဘောလုံးလိဂ်ပါ။ အသင်းတိုင်းကအရမ်းကောင်းပါတယ်။ အသင်းတိုင်းက တိုက်ပွဲဝင်နေကြပြီး အရမ်းကိုသန်မာကြပါတယ်။ အခုချိန်မှာ ဘောလုံးလောကက ပြောင်းလဲသွားပါပြီ။ လွယ်ကူတဲ့ပွဲစဉ်ဆိုတာ မရှိတော့ပါဘူး”
“ယူနိုက်တက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်ကတည်းက ပြောခဲ့သလိုပါပဲ။ သူတို့ရဲ့ပြဿနာက နည်းပြနဲ့မဆိုင်ပါဘူး။ ဒါက အလှမွေးငါးကန်ထဲမှာ ပြဿနာဖြစ်သလိုပါပဲ။ တကယ်လို့ ငါးတစ်ကောင်က ဖျားနေရင် အဲ့ကောင်ကိုထုတ်ပြီး ပြဿနာကို ဖြေရှင်းရပါမယ်။ တကယ်လို့ အဲဒီငါးကို ငါးကန်ထဲမှာ ဆက်ထားမယ်ဆိုရင်တော့ အလှမွေးကန်က ပြဿနာဖြစ်နေဦးမှာပါပဲ။ ယူနိုက်တက်ရဲ့ပြဿနာကလည်း ဒီလိုပါပဲ။ သူတို့ပြဿနာက နည်းပြနဲ့မဆိုင်ပါဘူး။ အဲဒီထက်အများကြီးပိုဆိုးပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘောလွန်းဒီအော် ၅ ဆုရှင်က သူ့အနေနဲ့ ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်လာခဲ့ပါက အားလုံးကို ဖြေရှင်းသွားမယ့်အကြောင်းကို “တကယ်လို့ ကျွန်တော်သာ ယူနိုက်တက်ပိုင်ရှင်ဖြစ်လာခဲ့ရင် အရာအားလုံးကိုရှင်းရှင်းလင်းလင်းလုပ်ပြီး အသင်းအတွက်မကောင်းတဲ့အရာတွေကို တစ်ခုချင်းစီ ဖယ်ထုတ်ပစ်မှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အယ်လ်နာဆာစူပါစတားဟာ သူ့အနေနဲ့ ဘောလုံးကစားခြင်းမှ အနားယူခဲ့မယ်ဆိုပါက နည်းပြတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်မယ့်အစား အသင်းပိုင်ရှင်တစ်ယောက်အနေနဲ့သာ ဘောလုံးလောကထဲမှာ ဆက်လက်နေထိုင်သွားလိုတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။