The network connection is lost.

Banner Image

အိုင်ယာလန်နဲ့ပွဲတုန်းက အနီကတ်ထိခဲ့ပေမဲ့ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ပါဝင်ခွင့်ရမှာဖြစ်တဲ့ ရော်နယ်ဒို

ခရစ်စတီယာနိုရော်နယ်ဒိုဟာ အိုင်ယာလန်နဲ့ ပွဲတုန်းက ကစားပုံကြမ်းတမ်းမှုကြောင့် အနီကတ်ပြခံခဲ့ရပေမဲ့ နောက်ထပ်အရေးယူမှုတွေ မရှိတော့ဘဲ ပေါ်တူဂီရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ပါဝင်ခွင့်ရပြီလို့ သိရပါတယ်။ FIFA စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ၃ပွဲပယ်ပြစ်ဒဏ်ချခဲ့ပေမဲ့ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို ဆိုင်းငံ့ထားတာကြောင့် ရော်နယ်ဒိုအနေနဲ့ လာမယ့်နှစ်နွေရာသီ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ပါဝင်ခွင့်ရပြီ လို့ ပြောပါတယ်။ တစ်နှစ်အတွင်း အလားတူ ပြစ်ဒဏ်မျိုး ထပ်မဖြစ်ရင်တော့ ရော်နယ်ဒို ကစားနိုင်မှာပါ လို့ FIFA က ပြောပါတယ်။

အသက် ၄၀ အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ နိုဝင်ဘာ ၁၃ ရက်က ဒပ်ဘလင်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲတုန်းက အိုင်ယာလန်နောက်ခံလူ Dara O’Shea ကို ဘောလုံးမရှိဘဲ တံတောင်နဲ့တွတ်ခဲ့လို့ ပေါ်တူဂီအတွက် ကစားခဲ့တဲ့ ၂၂၆ ပွဲမှာ ပထမဆုံးအကြိမ် အနီကတ်ပြခံခဲ့ရတာပါ။ ပေါ်တူဂီရဲ့ နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဖြစ်တဲ့ အာမေးနီးယားနဲ့ပွဲမှာတော့ ရော်နယ်ဒိုရဲ့ပြစ်ဒဏ်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

FIFA ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကျင့်ဝတ်စည်းကမ်းမှာတော့ ကစားသမားတွေဟာ “ပြိုင်ဘက်ကို တံတောင်နဲ့တွတ်တာ၊ လက်သီးနဲ့ ထိုးတာ၊ ခြေထောက်နဲ့ ကန်တာ၊ ကိုက်တာ၊ တံတွေးထွေးတာ ဒါမှမဟုတ် ရိုက်နှက်တာ အပါအဝင် တိုက်ခိုက်မှုတွေအတွက် အနည်းဆုံး ၃ ပွဲ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအထိ ပိုပြီး ပွဲပယ်ပြစ်ဒဏ်ချမှတ်နိုင်တယ်” လို့ ဖော်ပြထားပါတယ်။

FIFA ရဲ့ ထုတ်ပြန်ချက်မှာ “တကယ်လို့ ခရစ်စတီယာနို ရော်နယ်ဒိုဟာ တစ်နှစ်တာကာလအတွင်း အလားတူ သို့မဟုတ် အပြစ်ပေးခံရနိုင်တဲ့ ပြစ်မှုတစ်ခု ထပ်မံကျူးလွန်ခဲ့ရင် စည်းကမ်းထိန်းသိမ်းရေး ဆုံးဖြတ်ချက်မှာ ဖော်ပြထားတဲ့ ပွဲပယ်ပြစ်ဒဏ်နှစ်ပွဲကို ချက်ချင်း ကျခံရမှာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။