ပေါင်ဒဏ်ရာရရှိခဲ့ပေမဲ့ ကမ္ဘာ့ဖလားအတွက် စိုးရိမ်စရာမရှိတဲ့ စီရော်နယ်ဒို
ပေါ်တူဂီဝါရင့်ကစားသမားကြီးစီရော်နယ်လ်ဒိုမှာ ပေါင်အရွတ်ဒဏ်ရာ (Hamstring Tendon Injury) ခံစားနေရတယ်လို့ သူ့ရဲ့မိခင်ကလပ်အသင်းအယ်လ်နာဆာအသင်းက အင်္ဂါနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ စီရော်နယ်ဒိုပါဝင်ကစားဖို့အတွက် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
သတင်းဌာနအချို့ရဲ့ဖော်ပြချက်အရ အသက် ၄၁ နှစ်အရွယ်ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်က သီတင်းပတ်နှစ်ပတ်မှ လေးပတ်ဝန်းကျင်အထိ အနားယူရဖို့ ရှိနေပါတယ်။ ဒါကြောင့် ဇွန်လ ၁၁ ရက်မှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာပူးတွဲကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် စီရော်နယ်ဒိုရဲ့ကြံ့ခိုင်မှု ပြန်လည်ပြည့်၀လာနိုင်ပါတယ်။
"လက်ရှိမှာတော့ ပြန်လည်သန်စွမ်းရေးအစီအစဉ်တွေ စတင်နေပြီး စီရော်နယ်ဒိုရဲ့အခြေအနေကို နေ့စဉ် အနီးကပ်စောင့်ကြည့်စစ်ဆေးသွားပါမယ်" လို့ အယ်လ်နာဆာအသင်းက ဆိုပါတယ်။
စံချိန်တင်ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားကို ပါဝင်ကစားဖို့ ပြင်ဆင်နေတဲ့ စီရော်နယ်ဒိုက ပြီးခဲ့တဲ့လ၊ အယ်လ်ဖေဟာအသင်းနဲ့ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အခုဒဏ်ရာကို ရရှိခဲ့ပါတယ်။