The network connection is lost.

Banner Image

အာဆင်နယ်ကို အနိုင်ရဖို့ထိုက်တန်ခဲ့တယ်လို့ ပြောကြားလာတဲ့ အာမိုရင်

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ခက်ခဲတဲ့ပြိုင်ဘက်အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပြီးနောက် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့ရဲ့အသင်းဟာ ကြိုးကြိုးစားစား ယှဉ်ပြိုင်ကစားခဲ့တာကြောင့် အနိုင်ရဖို့ထိုက်တန်ခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ပွဲကစားချိန် ၆၁ မိနစ်မှာပဲ နောက်ခံလူ ဒီယေဂိုဒါလော့ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ပွဲကစားချိန်စုစုပေါင်းရဲ့ တစ်ဝက်လောက်ကို ကစားသမား ၁၀ ယောက်တည်းနဲ့ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ ၄ ရက်နေ့က အာဆင်နယ်ကို ၂-၀ နဲ့ရှုံးနိမ့်ထားခဲ့တဲ့ ယူနိုက်တက်ဟာ ယခုပွဲစဉ်မှာတော့ ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ရောက်တဲ့အထိ သရေရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ အာမိုရင်က “ကျွန်တော်တို့ ဒီပွဲမှာ မတူညီတဲ့စိတ်ဓာတ်အင်အားကို ပြသနိုင်ခဲ့ပါတယ်။ ကစားသမား ၁၀ ယောက်တည်းနဲ့တောင် စိတ်ဓာတ်ကျမသွားခဲ့ပါဘူး။ ပွဲအစပိုင်းမှာတော့ အသင်းက ဘောလုံးကိုင်ကစားဖို့ ခက်ခဲခဲ့ပါတယ်။ အခွင့်အရေးတွေလည်း သိပ်မရခဲ့ပေမယ့် စိတ်ဓာတ်ကျသွားတာမျိုး မရှိခဲ့ပါဘူး”

“အာဆင်နယ်ကတော့ အချိန်တိုင်းမှာ ဘောလုံးထိန်းချုပ်ပြီး ပွဲကိုစိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီအဆင့်ကိုကျော်ဖြတ်ဖို့ ထိုက်တန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးအတူတူ စိတ်ဓာတ်မကျခဲ့ကြလို့ပါ။ ကစားသမားတွေက တကယ်ကိုပင်ပန်းနေခဲ့ကြပေမယ့် ပွဲအစမှာကတည်းက ဒီပွဲက ကျွန်တော်တို့ရဲ့ပွဲပဲဆိုတာ ခံစားမိခဲ့ပါတယ်။ ပရိသတ်တွေ၊ ဝန်ထမ်းတွေနဲ့လည်း ချိတ်ဆက်နိုင်ခဲ့ပြီလို့ထင်ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ပွဲတစ်ပွဲပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ယခုပွဲစဉ်မှာ ပင်နယ်တီ ၂ ကြိမ်ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား အယ်လ်တေးဘယင်ဒါကိုလည်း ပေါ်တူဂီသားက “သူက ကစားသမားကောင်းတစ်ယောက်ပါ။ အလုပ်အရမ်းကြိုးစားပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်အချို့ကတော့ သူ့မှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့သူက ကျွန်တော်တို့အတွက် သူရဲကောင်းတစ်ယောက်လိုဖြစ်နေပါပြီ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ 

တစ်ဖက်မှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့အပေါ် မယုံကြည်နိုင်ကြောင်းကိုတော့ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက “ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာ မယုံနိုင်စရာပါပဲ။ အသင်း ၂ သင်းရဲ့စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်ရင် ဒီပွဲက ကျွန်တော်တို့နိုင်သင့်တဲ့ပွဲဆိုတာ တစ်မိုင်လောက်အကွာအဝေးကနေ လှမ်းကြည့်ရင်တောင် သိနိုင်ပါတယ်။ ကျွန်တော် ကျွန်တော့်ကစားသမားတွေကို ချစ်ပါတယ်။ ဒါပေမယ့် ဒီလိုပုံစံနဲ့ ရှုံးနိမ့်တာမျိုးက ပွဲ ၁ ထောင်လောက်မှာမှ ၁ ကြိမ်လောက်ပဲရှိပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဒဏ်ရာရရှိသွားတဲ့ တောင်ပံကစားသမား ဂါဘရီရယ်ဂျီးဆပ်ရဲ့ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီးတော့လည်း စပိန်သားက “အရမ်းစိုးရိမ်ရတဲ့အခြေအနေပါ။ သူကွင်းထဲကနေ ထွက်ခွာလာချိန်မှာ အတော်လေးနာကျင်နေပုံရပါတယ်။ ဒူးခေါင်းဒဏ်ရာဖြစ်ပြီး အခြေအနေမကောင်းပါဘူး” လို့အသိပေးပြောကြားခဲ့ပါတယ်။ အဆိုပါဒူးဒဏ်ရာဟာပြီးခဲ့တဲ့ရာသီက ကြုံတွေ့ခဲ့ရတဲ့ ဒူးဒဏ်ရာနဲ့ တူညီမှုရှိသလားလို့မေးမြန်းခဲ့ရာ စပိန်သားက “မဟုတ်ပါဘူး။ အခြားတစ်ခုဖြစ်မယ်ထင်ပါတယ်။ သူ့ကိုကြည့်ရတာလည်း စိုးရိမ်နေပုံပါပဲ။ ကွင်းထဲကထွက်ချိန်မှာ သူ့ရဲ့နာကျင်မှုကိုမြင်တွေ့ခဲ့ရပါတယ်” လို့ဖြေကြားခဲ့ပါတယ်။