
အဲဗာတန်မှာ ဒေးဗစ်မိုယက်စ်လုပ်ပြထားနိုင်တာက ယူနိုက်တက်မှာ သူလုပ်ပြထားနိုင်တာထက်ပိုကောင်းတယ်လို့ ဝန်ခံလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အဲဗာတန်မှာ ဒေးဗစ်မိုယက်စ်လုပ်ပြထားနိုင်တာတွေက အိုးလ်ထရက်ဖို့ဒ်မှာ သူလုပ်ပြထားနိုင်တာတွေထက် ပိုကောင်းတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ အသင်းဟောင်း အဲဗာတန်ကို တကျော့ပြန်ဦးဆောင်နေတဲ့ မိုယက်စ်ဟာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲကိုင်တွယ်ထားပြီးချိန်မှာ နိုင်ပွဲ ၄ ပွဲအထိရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ တစ်ဖက်မှာတော့ ယူနိုက်တက်ကို ဦးဆောင်နေတဲ့အာမိုရင်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲကိုင်တွယ်ထားရာမှာ နိုင်ပွဲ ၄ ပွဲသာ ရရှိအောင်စွမ်းဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။
အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “ဒေးဗစ်မိုယက်စ်က ကျွန်တော့်ထက်ပိုကောင်းတဲ့အလုပ်တွေ လုပ်ပြထားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဗာတန်ကစားသမားတွေရဲ့အရည်အသွေးကို အသိအမှတ်ပြုသင့်ပေမယ့် သူတို့က ဦးဆောင်နေတာက ဒေးဗစ်မိုယက်စ်ပါ။ ကျွန်တော်တို့လည်း ဒီလိုလုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်”
“အဲဗာတန်ကို ပြန်လည်တည်ဆောက်ပေးနေတဲ့ မိုယက်စ်ရဲ့စွမ်းဆောင်ရည်က ချီးကျူးစရာပါ။ ပရိသတ်တွေအနေနဲ့လည်း သူတို့အသင်းကို ပြန်လည်ယုံကြည်နေကြပါပြီ။ ယူနိုက်တက်အတွက် ကျွန်တော့်အနေနဲ့ ၁၄ ပွဲမှာ ၄ ပွဲပဲအနိုင်ရရှိအောင်စွမ်းဆောင်ပေးထားနိုင်လို့ ဒါက စိတ်ပျက်စရာကောင်းတယ်ဆိုတာ သိပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ကျေနပ်ကြမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
မိုယက်စ်ဟာ ယခင်က ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက် ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှုရရှိအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဆက်လက်ပြီး အာမိုရင်က “မိုယက်စ်အနေနဲ့ အဲဗာတန်ကို လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိအောင်စွမ်းဆောင်နိုင်ပေမယ့် ယူနိုက်တက်ကိုတော့ အောင်မြင်မှုရရှိအောင် မလုပ်ပေးနိုင်ခဲ့လို့ ယူနိုက်တက်နည်းပြဘဝက ဘယ်လောက်ခက်ခဲသလဲဆိုတာ သိသာစေပါတယ်။ ကျွန်တော်တို့အနေနဲ့ သမိုင်းတွေကို နားလည်ဖို့လိုပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ချန်ထားခဲ့တဲ့ ကလပ်ရဲ့သမိုင်းမှတ်တမ်းက အစားထိုးလို့မရပါဘူး။ အရာရာတိုင်းက လူတစ်ယောက်တည်းနဲ့ပဲ ဆက်စပ်နေခဲ့ပြီး အဲဒီလူထွက်ခွာသွားချိန်မှာတော့ အရာရာတိုင်းက ခက်ခဲကုန်တာပါပဲ” လို့ပြောကြားခဲ့ပါတယ်။