The network connection is lost.

Banner Image

ခြေစမ်းပွဲမှာ လိဒ်ကို ၀-၀ နဲ့သရေကျပြီးနောက် အသင်းရဲ့တိုက်စစ်ပိုင်းတိုးတက်ဖို့လိုအပ်နေသေးတယ်လို့ အာမိုရင်ဝန်ခံ

စနေနေ့ညက ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမြို့မှာယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ လိဒ်ကို ၀-၀ နဲ့ဂိုးမရှိသရေကျပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းအနေနဲ့ တိုက်စစ်ပိုင်းတိုးတက်ဖို့လိုအပ်နေသေးကြောင်းနဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အဆုံးသတ်သေချာဖို့ကြိုးစားသွားရမယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၄၄ ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း ဝုဗ်ကြယ်ပွင့်ကစားသမား မားသီးယက်စ်ကွန်ညာကို ပေါင် ၆၂.၅ သန်းအထိ အသုံးပြုပြီး ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် အသင်းရဲ့တိုက်စစ်ဟာ ယခုလိဒ်နဲ့ပွဲစဉ်မှာလည်း ထူးထူးခြားခြားတိုးတက်လာခြင်းမရှိသေးပါဘူး။ 

ယခုပွဲစဉ်မှာ ကွန်ညာဟာ ဘယ်တောင်ပံကစားသမားအဖြစ်စတင်ပွဲထွက်ခဲ့ပြီး အဓိက ကစားသမား ဘရူနိုဖာနန်ဒက်စ်ကလည်း ကွင်းလယ်မှာ ထုံးစံအတိုင်း ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ ပွဲအပြီးမှာ အာမိုရင်က “ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဘောလုံးသယ်ဖို့ အတော်လေးခက်ခဲခဲ့ပါတယ်။ လိဒ်ကလည်း ပရီးမီးယားလိဂ်အသင်းဖြစ်နေပြီဆိုတော့ ဒီပွဲက ကောင်းမွန်တဲ့ စမ်းသပ်ချက်တစ်ခုတော့ဖြစ်ခဲ့ပါတယ်”

“ကွန်ညာက ကျွန်တော်တို့လိုအပ်နေတဲ့ကစားသမားမျိုးဆိုတာ ဒီပွဲမှာ သက်သေပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မျှော်လင့်ထားသလိုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီက ကွန်ညာကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ရင်ဆိုင်ခဲ့ရပြီး လာမယ့်ရာသီမှာတော့ ကျွန်တော်တို့ကိုကစားခဲ့တဲ့ပုံစံအတိုင်း ဆက်ကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ သူနဲ့ ဖာနန်ဒက်စ်နဲ့ကြားမှာ ကောင်းမွန်တဲ့ ချိတ်ဆက်မှုမျိုးတွေမမြင်ရသေးပေမယ့် ကိုဘီမိုင်နူးနဲ့ မေဆင်မောင့်တို့လိုကစားသမားတွေနဲ့တော့ အတော်လေးအတွဲညီမယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။