ရက်ရှ်ဖို့ဒ်အပေါ် အာမိုရင်ရဲ့ကိုင်တွယ်မှုကို ယူနိုက်တက်ဘုတ်အဖွဲ့ ဝင်ရောက်စွက်ဖက်ခြင်းမရှိ
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့ ကြွယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်အပေါ် ကိုင်တွယ်နေမှုတွေကို အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဘုတ်အဖွဲ့တို့က ဝင်ရောက်စွက်ဖက်ခြင်းမရှိဘူးလို့ သိရပါတယ်။ အင်္ဂလန်သားဟာ ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ် ၃ ပွဲစလုံးမှာ အာမိုရင်ရဲ့ရွေးချယ်မှုကို မခံခဲ့ရတာကြောင့် လူစာရင်းကနေ ချန်လှပ်ခံထားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အသက်-၂၇ နှစ်အရွယ် ကစားသမားဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ချေရှိနေတယ်လို့ သတင်းကြီးနေပြီး မကြာခင်မှာပဲ ယူနိုက်တက်ကစားသမားဘဝကို အဆုံးသတ်ဖွယ်ရှိနေပါတယ်။
ဒါ့အပြင် ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း အသင်းကနေထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်သွားဖို့ အဆင်သင့်ရှိနေကြောင်း မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားထားပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ရောင်းချနိုင်ဖို့ ဆန္ဒရှိနေပြီး အဆိုပါငွေကြေးနဲ့ အခြားကစားသမားသစ်ယောက်ကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂ ရာသီအကြာက ယူနိုက်တက်အတွက် တစ်ရာသီအတွင်း ဂိုး ၃၀ အထိသွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ယခုအခါမှာတော့ တောက်လျှောက်ရုန်းကန်နေရပြီး ပုံမှန်ခြေစွမ်းအောက်သို့ ကာလရှည်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။သို့သော်လည်း ကစားသမားရဲ့ ရုန်းကန်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ရက်ကလစ်ဖ်၊ ဘုတ်အဖွဲ့နဲ့ အမှုဆောင်ချုပ် အိုမာဘာရာဒါတို့က တစ်စုံတစ်ရာဖိအားပေးခဲ့ခြင်းမရှိပါဘူး။
အသင်းနည်းပြ အာမိုရင်ကတော့ ကစားသမားရဲ့နိမ့်ကျတဲ့စွမ်းဆောင်ရည်တွေကို သဘောကျနှစ်သက်ခြင်းမရှိဘဲ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က မန်စီးတီးနဲ့ပွဲစဉ်မှာ ချန်လှပ်ခဲ့သလို၊ ကြားရက်က တော့တင်ဟမ်နဲ့ပွဲစဉ်မှာလည်း လူစာရင်းကနေ ထုတ်ပယ်ထားခဲ့ပါတယ်။
ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်မီမှာလည်း ရက်ရှ်ဖို့ဒ်ကို အသုံးပြုနိုင်ချေရှိမရှိနဲ့ပတ်သက်ပြီး အာမိုရင်က “ရက်ရှ်ဖို့ဒ်ကို အသင်းကနေချန်လှပ်နေတာက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပါ။ ပြီးတော့ ဆုံးဖြတ်ချက်က အမြဲတမ်း ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ကစားသမားတွေကို အကောင်းဆုံးခြေစွမ်းမှာပဲ မြင်ချင်ပါတယ်။ မတူညီတဲ့ကစားသမားတွေကို မတူညီတဲ့နည်းလမ်းနဲ့ပဲကိုင်တွယ်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မန်ချက်စတာဒါဘီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်သာမက အသင်းရဲ့နောက်ထပ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အလီဂျန်ဒရိုဂါနာချိုကလည်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ အာမိုရင်ရဲ့အဆိုအရ ကစားသမား ၂ ဦးစလုံးဟာ လေ့ကျင့်ရေးအစီအစဉ်အတွင်း စွမ်းဆောင်ရည်ပြည့်မီခဲ့ခြင်းမရှိလို့ ချန်လှပ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
သို့သော်လည်း တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်နဲ့၊ ဘုန်းမောက်ကိုရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ဂါနာချိုတစ်ယောက် လူစာရင်းမှာပြန်လည်ပါဝင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ ဆက်လက်ချန်လှပ်ခံထားခဲ့ရပါတယ်။ လာမယ့်ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ရက်ရှ်ဖို့ဒ် ပြန်လည်ပါဝင်ကစားနိုင်ချေနဲ့ပတ်သက်ပြီးတော့လည်း အာမိုရင်က “အခြေအနေအရပါပဲ။ ကျွန်တော်တို့ သိရမှာပါ” လို့ပြောကြားခဲ့ပါတယ်။
တကယ်လို့ အိုးလ်ထရက်ဖို့ဒ်အကယ်ဒမီထုတ်ကုန် ရက်ရှ်ဖို့ဒ်အနေနဲ့ အဆိုပါပွဲစဉ်မှာလည်း ထပ်မံချန်လှပ်ခံခဲ့ရဦးမယ်ဆိုပါက ဇန်နဝါရီမှာပဲ ယူနိုက်တက်ကနေ အပြီးအပိုင်ထွက်ခွာသွားဖို့ ပိုမိုနီးစပ်လာမှာဖြစ်ပါတယ်။