The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲမှာ ဘာကြောင့် ကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့သလဲရှင်းပြလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပြီးခဲ့တဲ့စနေနေ့က နယူးကာဆယ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားကွက်အပြောင်းအလဲဘာကြောင့်ပြုလုပ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အာမိုရင်လက်အောက်မှာ အမြဲတမ်း ၃-၄-၂-၁ စနစ်နဲ့ ပွဲထွက်ယှဉ်ပြိုင်လေ့ရှိပေမယ့် အဆိုပါပွဲစဉ်မှာတော့ ၄-၂-၃-၁ စနစ်ကို ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ ကစားကွက်ပြောင်းလဲခဲ့ပေမယ့် ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်က ကျဆင်းသွားခဲ့ခြင်းမရှိဘဲ ၁-၀ ဆိုတဲ့အနိုင်ရလဒ်ကိုပါ ပုံဖောနိုင်ခဲ့ပါတယ်။ 

အာမိုရင်ဟာ ၃ ယောက်တွဲခံစစ်ကိုအမြဲတမ်းအသုံးပြုလေ့ရှိသူဖြစ်ပြီး အဆိုပါကစားကွက်ကြောင့် မီဒီယာတွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေထံမှ မကြာခဏ အပြစ်တင်ခံရလေ့ရှိပေမယ့် ယခုအခါမှာပေါ်တူဂီသားက ၄ ယောက်တွဲခံစစ်သို့ပြောင်းလဲခဲ့ခြင်းမှာ အဆိုပါဝေဖန်မှုတွေနဲ့ ဖိအားတွေကြောင့်မဟုတ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် အာမိုရင်ဟာ သူ့ရဲ့ကစားကွက်ကို ပြောင်းလဲဖို့အတွက် ပုပ်ရဟန်းမင်းကြီးက မေတ္တာရပ်ခံရင်တောင် ပြောင်းလဲမှုမဟုတ်ကြောင်း ပြောကြားထားသူလည်းဖြစ်ပါတယ်။

ပေါ်တူဂီသားနည်းပြက "ကျွန်တော် နည်းစနစ်တွေအမြဲတမ်းပြောင်းလဲနေမယ်ဆိုရင် သတင်းထောက်တွေ၊ မီဒီယာတွေရဲ့ဖိအားကြောင့်လို့ထင်သွားပါလိမ့်မယ်။ ဒီလိုသာဖြစ်သွားရင် ဒါက နည်းပြတစ်ယောက်အတွက် အဆုံးသတ်ပါပဲ။ ပြီးခဲ့တဲ့ရာသီ ကျွန်တော်ဒီကိုစရောက်ကတည်းက ကျွန်တော့်ရဲ့နည်းစနစ်မှာအံဝင်မယ့်ကစားသမားမရှိနိုင်ဘူးဆိုတာ ကြိုတွေးထားခဲ့ပြီးသားပါ။ ဒါပေမယ့် ဒါကအခုမှ အစပဲရှိပါသေးတယ်"

"ကျွန်တော်ဒီပွဲမှာ အပြောင်းအလဲပြုလုပ်ခဲ့တာ ပရိသတ်တွေနဲ့ ဂျာနယ်လစ်တွေကြောင့်မဟုတ်ပါဘူး။ ကျွန်တော်တို့ကစားချင်တဲ့ပုံစံကိုရလာဖို့အတွက် ဒီလိုပြောင်းလဲခဲ့တာပါ။ စည်းကမ်းတွေနဲ့ ကစားဟန်ကတော့အတူတူပါပဲ။ စနစ်ကိုပဲပြောင်းလဲခဲ့တာပါ။ ကစားသမားတွေအသင်းကိုပြန်ရောက်လာရင် အသင်းကို ပိုကောင်းလာမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ တိုးတက်နေပါပြီ"

"ကစားသမားတွေပြန်ရောက်တဲ့အခါမှာလည်း အရင်အတိုင်း ၃ ယောက်တွဲခံစစ်နဲ့ကစားမှာမဟုတ်ပါဘူး။ ပြိုင်ဘက်ရဲ့အခြေအနေအပေါ်မူတည်ပြီး ကစားကွက်ကို လိုသလိုပြောင်းလဲပြုပြင်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။