The network connection is lost.

Banner Image

ဗီလာကိုအရေးနိမ့်ပြီးနောက် အသင်းရဲ့ကံဆိုးမှုတွေအတွက် စိုးရိမ်မိကြောင်းပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က တနင်္ဂနွေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကိုအရေးနိမ့်ပြီးနောက် သူ့ရဲ့အသင်းက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ကြောင်းနဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာရခဲ့ခြင်းအပါအဝင် အသင်းဟာ ကံဆိုးမှုတွေနဲ့ကြုံတွေ့နေရတာကြောင့် စိုးရိမ်ပူပန်မိ‌ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အက်စတွန်ဗီလာအတွက်ဂိုးတွေကို မော်ဂန်ရော်ဂျာတစ်ယောက်တည်းကသွင်းယူပေးခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ မားသီးယက်စ်ကွန်ညာက သွင်းယူခဲ့တာကြောင့် ၂-၁ နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ အသင်းခေါင်းဆောင်ဖာနန်ဒက်စ်ကလည်း တံကောက်ကြော ဒဏ်ရာပြဿနာကြောင့် လူစားလဲခံခဲ့ရပြီး ယူနိုက်တက်အနေနဲ့ ဒုတိယပိုင်းမှာ လူအင်အားလျော့နည်းခဲ့ရပါတယ်။ 

ယူနိုက်တက်အနေနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရသလို၊ ဖာနန်ဒက်စ်ပါ ဒဏ်ရာရသွားတာကြောင့် ဒီပွဲက နည်းပြအာမိုရင်အတွက် ထိုးနှက်ချက်ပြင်းထန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ပွဲအပြီးမှာ အာမိုရင်က "ဒီနေ့မှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ ဘရူနိုကလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် သူမရှိတဲ့အချိန်မှာတောင် ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ခဲ့ပါတယ်"

"ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး ခြေစွမ်းကောင်းခဲ့ပေမယ့် လူတွေက ရလဒ်ကိုပဲကြည့်တာဖြစ်လို့ ကြိုးစားမှုတွေကို ဘယ်သူက သတိရမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာမိုရင်က ဖာနန်ဒက်စ်ရဲ့ဒဏ်ရာဟာ ကြွက်သားဒဏ်ရာဖြစ်ကြောင်းနဲ့ ဘယ်အချိန်ပြန်ကစားနိုင်မယ်ဆိုတာ အတိအကျမသိရသေးကြောင်း အသိပေးခဲ့ပါတယ်။ ကစားသမားလိုအပ်ချက်ကြောင့် ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ရှေးလေဆီနဲ့ ဂျက်ခ်ဖလက်ချာတို့လို လူငယ်ကစားသမားတွေကို အသုံးပြုခဲ့ရပေမယ့် ကစားပုံပျက်စီးသွားခြင်းမရှိဘဲ ပုံမှန်အတိုင်းကစားနိုင်ခဲ့တာကြောင့် အပြုသဘောဆောင်တဲ့အချက်တွေလည်းရှိခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြက "နောက်ပွဲအတွက် ကစားသမားတွေကိုပြင်ဆင်သွားရပါမယ်။ ကျွန်တော်တို့ ဘယ်ကစားသမားမရှိလို့ဆိုပြီး ဆင်ခြေပေးနေလို့မရပါဘူး။ ဒီပြဿနာတွေကို ဘယ်သူမှ ဂရုစိုက်မှာလည်းမဟုတ်ပါဘူး။ ဒါကြောင့် ရှိသလောက်ကစားသမားကိုအကောင်းဆုံးအသုံးချပြီး ပိုကောင်းလာအောင်ကြိုးစားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့ကလည်း ဖာနန်ဒက်စ်ဒဏ်ရာရသွားတာက အသင်းအတွက်နစ်နာစေကြောင်းနဲ့ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုဖြစ်လာနိုင်သလဲ ပြောကြားခဲ့ပါတယ်။ ယခုရှုံးပွဲကြောင့်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာအထိကျဆင်းသွားခဲ့ပြီး အဆင့် ၃ နေရာက ဗီလာနဲ့ ရမှတ် ၁၀ မှတ်အထိကွာဟသွားခဲ့ပါတယ်။ 

ဒါလော့က "ဖာနန်ဒက်စ်ဒဏ်ရာရသွားတာ အသင်းအတွက် အများကြီးနစ်နာပါတယ်။ ဒဏ်ရာက ဘယ်လောက်အထိပြင်းထန်လဲတော့ မသိရသေးပါဘူး။ ဒါပေမယ့် သူ့လိုကစားသမားမျိုး ကွင်းထဲကနေထွက်သွားရတယ်ဆိုတော့ ဒဏ်ရာက မသေးဘူးဆိုတာ သိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒဏ်ရာမပြင်းထန်ဘဲ နောက်ပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။