The network connection is lost.

Banner Image

နယူးကာဆယ်ကိုကျော်ဖြတ်ပြီး ဆက်ဆခိုကိုခေါ်ယူနိုင်ဖို့ အခွင့်အရေးများလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လိုက်ပ်ဇစ်တိုက်စစ်ကြယ်ပွင့် ဘင်ဂျမင်ဆက်ဆခိုကိုခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ယခုအခါမှာတော့ ကစားသမားကို အပြိုင်လိုက်နေတဲ့ နယူးကာဆယ်ရဲ့ကမ်းလှမ်းချက်ကို လိုက်ပ်ဇစ်ဘက်က ပယ်ချခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့တိုက်ပွဲမှာ အခွင့်အရေးပိုမိုရရှိလာခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ဟာ ယခုနွေရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းတွေကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသက်-၂၂ နှစ်အရွယ်ကစားသမားကိုခေါ်ယူနိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ အပြိုင်အဆိုင်ပြုလုပ်နေကြတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ တိုက်စစ်ပိုင်း သွင်းဂိုးပိုမိုရရှိဖို့ ကြိုးစားနေတာဖြစ်သလို နယူးကာဆယ်အနေနဲ့လည်း အသင်းမှထွက်ခွာဖွယ်ရှိတဲ့ တိုက်စစ်ကြယ်ပွင့် အလက်ဇန်းဒါးအီဆက်နေရာမှာ အစားထိုးဖို့ ဆက်ဆခိုကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ယခုအခါမှာတော့ နယူးကာဆယ်က ဆက်ဆခိုအတွက်စတင်ပြုလုပ်လိုက်တဲ့ ပေါင် ၆၅.၅ သန်းတန်ကမ်းလှမ်းမှုကို လိုက်ပ်ဇစ်ဘက်ရ ပယ်ချလိုက်တာကြောင့် ယူနိုက်တက်အနေနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးရလာပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဆက်ဆခိုအနေနဲ့တော့ လိုက်ပ်ဇစ်ကနေထွက်ခွာဖို့ ဆန္ဒရှိနေပေမယ့် နယူးကာဆယ်နဲ့ယူနိုက်တက်တို့အကြား ဘယ်အသင်းကိုရွေးချယ်ရမယ်ဆိုတာ အခုချိန်အထိ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ ဆလိုဗေးနီးယားလက်ရွေးစင်ဟာ လိုက်ပ်ဇစ်ရဲ့လူစာရင်းမှနုတ်ထွက်ထားပြီး ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ကစားခြင်းမရှိသေးပါဘူး။ အသင်းရဲ့ပွဲစဉ်တွေမှာ ဆက်ဆခိုမပါဝင်ခြင်းနဲ့ပတ်သက်ပြီး လိုက်ပ်ဇစ်အားကစားဒါရိုက်တာ မာဆဲလ်စကာဖာက "အခြားကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ အရမ်းမြင့်တက်နေလို့ ကျွန်တော်တို့ သူ့ကို မကစားခိုင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် ဒီလိုပြောလို့ သူ့အနေနဲ့ အခြားကလပ်ကို ပြောင်းရွှေ့တော့မယ်လို့ မဆိုလိုပါဘူး" လို့ပြောကြားထားပါတယ်။