
ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကိုခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီအတွင်းအသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ပြင်ဆင်နေပြီး ယခုအခါမှာတော့ ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့သိရပါတယ်။ The Times သတင်းဌာနက ယူနိုက်တက်ဟာ ချဲလ်ဆီးမှာပုံမှန်နေရာရဖို့ရုန်းကန်နေရတဲ့ ဂျက်ဆန်ရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ဖော်ပြလာခဲ့ပါတယ်။ ယခုနွေရာသီအတွင်း ချဲလ်ဆီးဟာ တိုက်စစ်မှူးသစ် ၂ ဦးကို ထပ်မံခေါ်ယူထားတာကြောင့် ဆီနီဂေါလက်ရွေးစင်အနေနဲ့ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။
ဒါကြောင့် ချဲလ်ဆီးအနေနဲ့ ဂျက်ဆန်ကို ရောင်းချဖို့ဆုံးဖြတ်လာနိုင်ပြီး ကစားသမားကို အေစီမီလန်နဲ့ အက်စတွန်ဗီလာတို့ကလည်း စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဂျက်ဆန်ဟာ ချဲလ်ဆီးရဲ့ အဓိကတိုက်စစ်မှူးဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၈၁ ပွဲကစားခဲ့ရာမှာ ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း ချဲလ်ဆီးဟာ အစ်ဆွစ်ချ်တိုက်စစ်မှူး လီယမ်ဒီလပ်နဲ့ ဘရိုက်တန်တိုက်စစ်မှူး ဂျာအိုပက်ဒရိုတို့ကို ထပ်မံခေါ်ယူပြီး ဂျက်ဆန်ကိုနေရာအတွက် တိုက်ပွဲဝင်စေခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့လည်း အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ ဂျိုရှူးဝါးဇက်ခ်ဇီတို့ရဲ့ရုန်းကန်ရမှုတွေကြောင့် ဂျက်ဆန်ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဇက်ခ်ဇီဟာ ယူနိုက်တက်သို့စတင်ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်မှာအသားကျဖို့ရုန်းကန်ခဲ့ရတာကြောင့် စုစုပေါင်း ၄၉ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
သတင်းတွေအရ ချဲလ်ဆီးဟာ ဂျက်ဆန်ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ အထိသတ်မှတ်လာနိုင်တယ်လို့သိရတာကြောင့် ယူနိုက်တက်အနေနဲ့ အဆိုပါတန်ကြေးကို သဘောတူညီသွားဖို့တော့အလားအလာမရှိပါဘူး။ တစ်ဖက်မှာလည်း ရူဘင်အာမိုရင်ရဲ့အသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျက်ဆန်ဟာ ချဲလ်ဆီးအတွက် စုစုပေါင်း ၃ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပြီး ဖလာမင်ဂိုနဲ့ပွဲစဉ်မှာလည်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ နည်းပြအန်ဇိုမာရက်စ်ကာရဲ့ဦးဆောင်မှုနဲ့အတူ ဂျက်ဆန်တစ်ယောက်လာမယ့်ရာသီမှာ ဒီလပ်၊ ပက်ဒရိုတို့နဲ့ နေရာအတွက်တိုက်ပွဲဝင်သွားမလား ဒါမှမဟုတ် ယူနိုက်တက်ကပဲ ခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။