အန်ဇို မာရက်စကာရဲ့ လျော်ကြေးငွေအတွက် မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ဆက်လက်ညှိနှိုင်းနေ
အန်ဇို မာရက်စကာအတွက် ပေးရမယ့် လျော်ကြေးငွေနဲ့ ပတ်သက်ပြီး မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အခုထိ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။ စပိန်လူမျိုးနည်းပြ ပက်ဂွာဒီယိုလာ ထွက်ခွာသွားပြီးနောက် သူ့ရဲ့နေရာမှာ အစားထိုး တာဝန်ယူရမယ့်သူဟာ အသက် ၄၆ နှစ်အရွယ် မာရက်စကာ ဖြစ်လာလိမ့်မယ်လို့ လူအများက ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မန်စီးတီးအသင်းရဲ့ နည်းပြအလုပ်ကို လက်ခံဖို့ ဆွေးနွေးခဲ့ဖူးတယ်လို့ မာရက်စကာက ချယ်လ်ဆီးအသင်းကို အသိပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေသလို၊ ဒါဟာ ဇန်နဝါရီလမှာ သူ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ မာရက်စကာအတွက် လျော်ကြေးငွေကိစ္စနဲ့ ပတ်သက်ပြီး မန်စီးတီးဟာ ချယ်လ်ဆီးနဲ့ အခုထိ တက်တက်ကြွကြွ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သူ့ကို တရားဝင် ခန့်အပ်နိုင်ဖို့အတွက် ဒီအပတ်အတွင်းမှာ သဘောတူညီမှု ရရှိဖို့ မန်စီးတီးအသင်းဘက်က မျှော်လင့်နေပါတယ်။