ယူနိုက်တက်ကစားသမားတွေနဲ့ အဆက်အသွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာတဲ့ ဘာလီဘာ
ဘရိုက်တန်ကွင်းလယ်လူ ကားလို့စ်ဘာလီဘာဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့နိုင်တဲ့ အလားအလာနဲ့ ပတ်သက်ပြီး မန်ယူကစားသမားအချို့နဲ့ စကားပြောဆိုမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက မန်ယူအသင်းရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးဖြစ်ခဲ့ပေမဲ့ ဘရိုက်တန်အသင်းက ပေါင်သန်း ၁၀၀ ကျော်အထိ အလိုရှိနေတာကြောင့် မန်ယူဘက်က နောက်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ကွင်းလယ်ပိုင်းကို အကြီးအကျယ် အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လာမယ့်နွေရာသီမှာ ဘလီဘာကို ခေါ်ယူဖို့ နောက်တစ်ကြိမ် ထပ်မံကြိုးစားလာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဘာလီဘာဟာ မန်ယူဆီ ပြောင်းရွှေ့ဖို့ အလွန်အမင်း စိတ်အားထက်သန်နေပြီး အသင်းမှာ နေထိုင်ရတဲ့ အခြေအနေတွေအကြောင်းကို မန်ယူကစားသမားအချို့နဲ့ စကားပြောဆိုနေတယ်လို့ သိရပါတယ်။
ဘာလီဘာဟာ ရာသီပိတ်ပွဲစဉ်အဖြစ် အမ်မက်စ်ကွင်းမှာ ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဘရူနို ဖာနန်ဒက်စ်၊ မားသီးယပ်စ် ကွန်ညာတို့နဲ့ စကားပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လိုင်လီအသင်းမှာ အတူကစားခဲ့ဖူးတဲ့ နောက်ခံလူ လန်နီယိုရိုအပြင် ကင်မရွန်းလက်ရွေးစင်အသင်းဖော် ဘရိုင်ယန် အမ်ဘီယူမိုတို့နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူဖြစ်ပါတယ်။