အဲဗာတန်နဲ့ သရေကျခဲ့တဲ့ ရလဒ်ပိုင်းအပေါ် စိတ်ပျက်မိတယ်လို့ ယူနိုက်တက်နည်းပြကာရစ် ဝန်ခံ
မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က ယမန်နေ့(တနင်္ဂနွေနေ့)၊ အဲဗာတန်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်ပိုင်းအပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်မှာ ကာရစ်ရဲ့အသင်းက ပွဲချိန် ၈၈ မိနစ်၊ လူစားဝင်တိုက်စစ်မှူးဆက်စ်ကိုရဲ့သွင်းဂိုးနဲ့ ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ အဲဗာတန်ကစားသမားသစ်မစ်လန်းနိုင်းစ်ရဲ့ချေပဂိုးကို ခွင့်ပြုပေးရလို့ အဝေးကွင်းသရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။
လတ်တလော ရာသီအဖွင့်သုံးပွဲကစားပြီးချိန် မန်ချက်စတာယူနိုက်တက်က လေးမှတ်သာ စုဆောင်းထားနိုင်ပြီး လာမယ့်သီတင်းပတ်၊ မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မိုက်ကယ်ကာရစ်က နည်းပြဒေးဗစ်မိုယက်စ်ရဲ့အသင်းနဲ့ ပွဲပြီးခါနီးသရေကျခဲ့တဲ့ ရလဒ်ပို်ငးအပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။
ကာရစ်က "ဒီပွဲမှာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက အလွန်ကောင်းမွန်တဲ့ ဘောလုံးကစားဟန်ကို ပြသနိုင်ခဲ့သလို တချို့အချိန်တွေမှာ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်"လို့ ပြောပါတယ်။
"အများအားဖြင့် ကျွန်တော်တို့တွေ အသင်းတစ်ခုအဖြစ် ခံစစ်ကို စုစုစည်းစည်းကာကွယ်နိုင်ခဲ့ကြပါတယ်။ ပွဲချိန်ကြာရှည်လာတာနဲ့အမျှ ကိုယ့်အသင်းဂိုးဧရိယာအတွင်းဆီ ဘောလုံးပေးပို့မှုတွေ ပိုများလာခဲ့သလို ပွဲကို သေသေချာချာထိန်းချုပ်ထားနိုင်သင့်တဲ့ အချိန်မှာ ဆုံးဖြတ်ချက်အချို့ မှားယွင်းခဲ့မှုကြောင့် ကျွန်တော်တို့ရဲ့အခြေအနေကို ပိုမိုခက်ခဲစေခဲ့ပါတယ်။ အနိုင်ရလဒ်နဲ့အတူ အိမ်မပြန်နိုင်ခဲ့လို့ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။
ဘယ်လိုအမှားမျိုးတွေ ရှိခဲ့သလဲ? ဒီအချက်ကိုတော့ ကျွန်တော့်ရဲ့စိတ်ထဲမှာ ထားရှိချင်ပါတယ်။ ဒါပေမဲ့ ပွဲကို သေချာထိန်းချုပ်ထားနိုင်သင့်လို့ အခုရလဒ်ပိုင်းအပေါ် ကျွန်တော်တို့ တကယ်ပဲ စိတ်ပျက်မိပါတယ်"လို့ ယူနိုက်တက်နည်းပြက ဆက်ပြောပါတယ်။
အဲဗာတန်ရဲ့သွင်းဂိုးတွေနဲ့ပတ်သက်ပြီး ကာရစ်က "မျှမျှတတပြောရရင် တကယ့်ကို ကောင်းမွန်တဲ့ကန်သွင်းချက်နှစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကို အခွင့်အရေးကောင်းတွေ မပေးခဲ့ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းကာကွယ်နိုင်ခဲ့ပါတယ်။ သူတို့က ဂိုးဧရိယာအစွန်အဖျားဝန်းကျင်တဝိုက်မှာသာ အခွင့်အရေးအချို့ ရရှိခဲ့ပါတယ်။
အများအားဖြင့် ကျွန်တော်တို့ရဲ့ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ သူတို့တွေ ဘာကြောင့်ချေပဂိုးရရှိသွားသလဲဆိုတဲ့ အကြောင်းရင်းကို ပြန်ကြည့်သွားရဖို့ ရှိပေမဲ့ တဖက်မှာလည်း တကယ်ကိုကောင်းမွန်တဲ့ ကန်သွင်းချက်တွေ ဖြစ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။