၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု I အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ
ပြင်သစ်အသင်းအနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို သုံးကြိမ်ဆက်တက်လှမ်းနိုင်ဖို့ဆိုရင် အုပ်စုအဆင့်ကတည်းက ခက်ခဲတဲ့လမ်းကြောင်းကို ဖြတ်သန်းရမှာဖြစ်ပါတယ်။
အုပ်စု I မှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေနဲ့ နာမည်ကြီးကစားသမားတွေ အများကြီး ပါဝင်နေပါတယ်။
ဒါပေမဲ့ ၁၄ နှစ်ကြာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဒက်စ်ချမ့်အတွက် နောက်ဆုံးပြိုင်ပွဲဖြစ်တာကြောင့် အုပ်စုအဆင့်မှာတင် ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရတာက နောက်အဆင့်တွေအတွက် အသင်းကို ပိုပြီး အဆင်သင့်ဖြစ်စေပါလိမ့်မယ်။
ပြင်သစ်ရဲ့ ပထမဆုံးစိန်ခေါ်မှုကတော့ ဆီနီဂေါအသင်းပါပဲ။ ဆီနီဂေါမှာ ဥရောပလိဂ်တွေမှာ ကစားနေသူတွေအများအပြားပါဝင်ပြီး လီဗာပူးကြယ်ပွင့်ဟောင်း ဆာဒီယိုမာနေးက တိုက်စစ်ကို ဦးဆောင်မှာဖြစ်ပါတယ်။
တကယ့်စိန်ခေါ်မှုကြီးကတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းပါတဲ့ နော်ဝေအသင်းပါပဲ။
အရပ် ၆ ပေ ၅ လက်မရှိတဲ့ ဟာလန်းက နိုင်ငံတကာပွဲစဉ် ၄၉ ပွဲမှာ ၅၅ ဂိုးအထိ သွင်းထားသူပါ။ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း တိုက်စစ်အတွက် အဓိကဖန်တီးပေးမယ့်သူ ဖြစ်ပါတယ်။
ကျန်တဲ့တစ်သင်းကတော့ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို ပြန်ရောက်လာတဲ့ အီရတ်အသင်း ဖြစ်ပါတယ်။
အုပ်စု (I) က အသင်းများ
ပြင်သစ်
ပြင်သစ်တိုက်စစ် ဘယ်လောက်ကောင်းသလဲဆိုရင် ကမ္ဘာ့အဆင့ ေစူပါစတား အမ်ဘာပေအပြင်၊ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဖလားတွေရအောင် ကူညီပေးခဲ့တဲ့ လက်ရှိဘော်လွန်းဒီအော်ဆုရှင် ဒမ်ဘီလီလည်း ရှိနေပါတယ်။
ဒါ့အပြင် ဘိုင်ယန်မြူးနစ်က မိုက်ကယ်အိုလီဆီနဲ့ မန်စီးတီးက ချာကီတို့လည်း ရှိပါသေးတယ်။
ဒါပေမဲ့ ပြင်သစ်ရဲ့ကံကြမ္မာကတော့ အာဆင်နယ်နောက်ခံလူ ဆာလီဘာဦးဆောင်တဲ့ ခံစစ်အပေါ်မှာပဲ မူတည်နေပါတယ်။ ခံစစ်နဲ့ ဂိုးသမား မိုက်ဂ်နန်သာ ခြေစွမ်းပြနိုင်ရင် ပြင်သစ်အသင်း နောက်တစ်ကြိမ် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးရှိနေပါတယ်။
အဓိကကစားသမားများ - ကီလီယန်အမ်ဘာပေ၊ ဒမ်ဘီလီ၊ ဆာလီဘာ
အီရတ်
အင်အားကြီး ၃ သင်းကြားထဲကနေ နောက်တစ်ဆင့်တက်ဖို့က အီရတ်အတွက် တကယ်ခက်ခဲပါတယ်။ နည်းပြ ဂရေဟမ်အာနိုးရဲ့ ဗျူဟာကတော့ ခံစစ်ကို အခိုင်အမာပိတ်ပြီး ရတဲ့အခွင့်အရေးကို အသုံးချဖို့ပါပဲ။
အာနိုးက ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက သြစတြေးလျကို ၁၆ သင်းအဆင့်အထိ ပို့ပေးခဲ့ဖူးသူဖြစ်ပါတယ်။
ကစားသမားအများစုက ပြည်တွင်းမှာကစားသူတွေ ဖြစ်ပေမဲ့ အေမန်ဟူစိန်နဲ့ မိုဟာမက်အလီတို့လို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေ ပါဝင်ပါတယ်။
*အဓိကကစားသမားများ - အာမီယာအယ်လ်အမ်မာရီ၊ အလီအယ်လ်ဟာမာဒီ၊ အေမန်ဟူစိန်*
နော်ဝေ
နော်ဝေက ၁၉၉၈ နောက်ပိုင်းမှ ကမ္ဘာ့ဖလား ပြန်ကန်ရတာဖြစ်ပေမဲ့ အခုမျိုးဆက်ကတော့ အဆင့်အများကြီးတက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
မန်စီးတီးနဲ့အတူ ရွှေဖိနပ်ဆု ၃ ကြိမ်ရထားတဲ့ ဟာလန်းကတော့ အားလုံးရဲ့ အာရုံစိုက်မှုကိုခံရမှာဖြစ်ပါတယ်။
ဒါ့အပြင် အက်သလက်တီကိုတိုက်စစ်မှူး ဆော်လော့တ်နဲ့ ခရစ္စတယ်ပဲလေ့စ်က စထရန်းလာဆင်တို့လို တိုက်စစ်မှူးကောင်းတွေလည်း ရှိပါသေးတယ်။
အိုဒီဂတ်ရဲ့ ဖန်တီးပေးမှုတွေကလည်း အလွန်အရေးကြီးပါတယ်။ နော်ဝေရဲ့ အားနည်းချက်ကတော့ ခံစစ်ဖြစ်ပြီး ဘရန့်ဖို့ဒ်နောက်ခံလူ အေဂျာကိုပဲ အားကိုးရဖို့ရှိနေပါတယ်။
အဓိကကစားသမားများ - အာလင်းဟာလန်း၊ မာတင်အိုဒီဂတ်၊ ခရစ္စတိုဖာအေဂျာ
ဆီနီဂေါ
လီဗာပူးစတားဟောင်း မာနေးက ဒီအုပ်စုရဲ့ နာမည်အကြီးဆုံးကစားသမားလို့ ပြောနိုင်ပါတယ်။ ခံစစ်မှာတော့ ဝါရင့်ကစားသမား ကူလီဘာလေနဲ့ ဂိုးသမား အက်ဒ်ဝပ်မန်ဒီတို့က ဦးဆောင်ဖို့ရှိနေပါတယ်။
တိုက်စစ်မှာ မာနေးအပြင် အဲဗာတန်က အန်ဒီယာယီနဲ့ ခရစ္စတယ်ပဲလေ့စ်က အစ္စမိုင်းလားဆားတို့လည်း ပါဝင်ပါတယ်။ အဓိကမေးခွန်းကတော့ ဒီအသင်းက တစ်ဦးချင်းခြေစွမ်းကိုပဲ အားကိုးမလား၊ ဒါမှမဟုတ် အသင်းလိုက် စည်းစည်းလုံးလုံး ကစားနိုင်မလား ဆိုတာပါပဲ။
အဓိကကစားသမားများ - ဆာဒီယိုမာနေး၊ အီလီမန်အန်ဒီယာယီ၊ ကာလီဒူကူလီဘာလေ
ခန့်မှန်းချက်
၁.ပြင်သစ်
၂.ဆီနီဂေါ
၃.နော်ဝေ
၄.အီရတ်