The network connection is lost.

Banner Image

လူးဝစ်အင်းနရစ်နဲ့ပတ်သက်လို့ ခံစားချက်အစစ်အမှန်ကို ထုတ်ဖော်လိုက်တဲ့ ဒွန်နာရမ်မာ

မန်စီးတီးဆီမရောက်ရှိလာခင် ပီအက်စ်ဂျီအသင်းရဲ့စွန့်ပစ်မှု ကို ခံစားခဲ့ရပြီးနောက် ဒွန်နာရမ်မာက နည်းပြဟောင်း လူးဝစ်အင်းနရစ်နဲ့ပတ်သက်လို့ သူ့ရဲ့ခံစားချက်အစစ်အမှန်ကို ဖွင့်ဟလာခဲ့ပါတယ်။ အီတလီလက်ရွေးစင်အသင်းနဲ့အတူ အဝေးဆီရောက်ရှိနေချိန် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဒွန်နာရမ်မာက အကြောင်းအရာကဏ္ဍမျိုးစုံကို ဆွေးနွေးသွားခဲ့ပါတယ်။ ဒီနေရာမှာ အဓိကပြောစရာဖြစ်ခဲ့တဲ့အချက်ကတော့ အသက်-၂၆ နှစ်အရွယ်ဂိုးသမားနဲ့ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်တို့ရဲ့ ဆက်ဆံရေးအကြောင်း ဖြစ်ပါတယ်။ လူးဝစ်အင်းနရစ်က ဒွန်နာရမ်မာကို အသင်းမှထွက်ခွာဖို့တွန်းအားပေးမှုတစ်ခုအဖြစ် အခုနွေရာသီကာလ၊ အသင်းဆီရောက်ရှိလာတဲ့ ချီဗာလီယာနဲ့ သူ့ရဲ့ချန်ပီယံလိဂ်ချန်ပီယံဂိုးသမားကို အစားထိုးခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က ပြီးခဲ့တဲ့လ၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ဒွန်နာရမ်မာကို ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အပြည့်အဝတာဝန်ယူပြီး မတူညီတဲ့ဂိုးသမားပုံစံတစ်ခု အလိုရှိနေခဲ့တယ်လို့ ရှင်းပြပါတယ်။ ပီအက်စ်ဂျီအသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဥရောပချန်ပီယံဖြစ်လာတဲ့ခရီးစဉ်မှာ အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ပေမယ့် ဒွန်နာရမ်မာကတော့ အသင်းမှထွက်ခွာရမယ့်အရေးနဲ့ပဲ ရင်ဆိုင်ခဲ့ရပြီး အပြောင်းအရွှေ့ကာလနောက်ဆုံးအချိန်မှာ မန်စီးတီးဆီ ပြောင်းရွှေ့ကြေးပေါင် ၂၆ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။

ဒွန်နာရမ်မာက “ ကျွန်တော်နဲ့ နည်းပြအကြား ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ် အမြဲတမ်းရှိခဲ့ပါတယ်။ ကျွန်တော့်ကို အသင်းလူစာရင်းမှဖယ်ရှားလိုက်ချိန်မှာလည်း သူနဲ့ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိကြပြီး ဒါတွေကို ကျွန်တော်မသိရှိနိုင်လို့ စိတ်ပျက်မိခဲ့ပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်အာဏာက နည်းပြဆီမှာပဲ အပြည့်အဝရှိပါတယ်။ဒါပေမဲ့ ကျွန်တော့်အသင်းဖော်တွေအပါအဝင် အားလုံးရဲ့ထောက်ခံအားပေးမှုတွေက ပီအက်စ်ဂျီအတွက် ကျွန်တော် ဘယ်လောက်အထိပေးဆပ်ခဲ့သလဲ ဆိုတာကို နားလည်ခံစားမိစေပါတယ်။ ဒါကပဲ အရေးအကြီးဆုံးအရာဖြစ်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးသမားဘဝမှာ ကိုယ်ချန်ထားနိုင်ခဲ့တဲ့အရာတွေကပဲ ကိုယ့်ကို ဂုဏ်ယူမိအောင် လုပ်ပေးနိုင်လို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒွန်နာရမ်မာက အက်စ်တိုးနီးယား၊ အစ္စရေးတို့နဲ့ရင်ဆိုင်ရမယ့် အီတလီရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ အဓိကပြောစရာအစိတ်အပိုင်းတစ်ရပ်ဖြစ်လာလိမ့်မယ်ဆိုတာ သံသယမရှိနိုင်ပါဘူး။ သိပ်မကြာတော့မယ့် ကာလတစ်ခုမှာတော့ ဒွန်နာရမ်မာရဲ့မန်စီးတီးကစားသမားဘဝပွဲဦးထွက်ကို သူနဲ့အတူ သတင်းထွက်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရချိန်မှာ မြင်တွေ့ရနိုင်ပါတယ်။