မိုဆာလက်၊ ဗန်ဒိုက်၊ အာနိုးလ်တို့နဲ့ လီဗာပူးအသင်း ဆက်ဆွေးနွေးနေတယ်လို့ ရှင်းပြလိုက်တဲ့ အန်းစလော့
ရေရှည်အနာဂတ်နဲ့ပတ်သက်လို့ မရေမရာဖြစ်နေတဲ့ မိုဆာလက်၊ ဗန်ဒိုက်၊ အာနိုးလ်တို့နဲ့အတူ လီဗာပူးအသင်းတာဝန်ရှိသူတွေ ဆက်လက်ဆွေးနွေးနေတယ်လို့ နည်းပြအန်းစလော့က ပြောခဲ့ပါတယ်။ ဒီကစားသမားသုံးဦးလုံးက အခုဘောလုံးရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်မြောက်ဖို့ ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံရပ်ခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် လွတ်လွတ်လပ်လပ်ဆွေးနွေးသွားနိုင်ပါလိမ့်မယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အန်းစလော့က နှုတ်ဆိတ်နေလေ့ရှိပေမယ့် အခုအချိန်မှာတော့ ကစားသမားတွေရဲ့စာချုပ်သက်တမ်းတိုးမှုကိစ္စတွေ ကမောက်ကမဖြစ်လာနိုင်မှုအပေါ် မစိုးရိမ်မိပါဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မာဆေးဆိုဒ်သားတွေက လက်ကျန်ပွဲစဉ်တစ်ခုနဲ့အတူ အနီးဆုံးပြိုင်ဘက်ကို ခြောက်မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ကစားသမားတွေနဲ့ ကလပ်အသင်းတာဝန်ရှိသူတွေအကြား ဆွေးနွေးမှုတွေ တိုးတက်မှုရှိသလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “အခုအချိန်မှာ ခင်ဗျားတို့ဆီ ဒီကိစ္စတွေအကြောင်း ပြောပြလို့ မသင့်တော်သေးပါဘူး။ ယေဘုယျအားဖြင့်တော့ ကျွန်တော်က စာချုပ်စာတမ်းကိစ္စတွေအကြောင်း ထုတ်ပြောလေ့မရှိပါဘူ။ ဒီကစားသမားသုံးဦးအနက် တစ်ဦးကတော့ စာချုပ်သက်တမ်းတိုးနိုင်ပြီလို့ ကြေညာလိုက်မယ်ဆိုရင် အံ့အားသင့်စရာတစ်ခု ဖြစ်လာပါလိမ့်မယ်။
ဇန်နဝါရီ ၁ ရက်မှစပြီး စာချုပ်သက်တမ်းတိုးဖို့ညှိနှိုင်းနေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်လာပါလိမ့်မယ်။ အရာရာတိုင်းက ပြောင်းလဲတတ်တယ်ဆိုပေမယ့် သူတို့တွေကတော့ ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆွေးနွေးနေပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကိုပဲ စောင့်ကြည့်သွားကြတာပေါ့။ အခုလိုပုံစံအတိုင်း သူတို့တွေ ဆက်ကစားပေးနေသရွေ့တော့ နည်းပြအတွက် ပျော်ရွှင်စရာဖြစ်လာပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အလားတူ အန်းစလော့က နိုဝင်ဘာလအတွင်း ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကိုယ်စီရရှိခဲ့တဲ့ ကိုနာတေးနဲ့ ဘရက်ဒလေတို့ရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ထုတ်ပြောခဲ့ပါတယ်။ လီဗာပူးနည်းပြက “ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ သူတို့နှစ်ဦးလုံး ပါဝင်ကစားပေးနိုင်ဖို့ မရှိသေးပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲစဉ်အပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင် သီတင်းပတ်တစ်ခုစာ အချိန်ရှိပါသေးတယ်။
ဒါကြောင့် သူတို့ရဲ့အခြေအနေ ဘယ်လောက်အထိကောင်းမွန်နေပြီလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ သူတို့နှစ်ဦးလုံး အသင်းနဲ့အတူ လေ့ကျင့်ရေးပြန်မဆင်းနိုင်သေးလို့ အခုအချိန်မှာ ပြောပြဖို့ဆိုတာ ခက်နေပါသေးတယ်။ အမြန်ဆုံးလေ့ကျင့်ခန်းပြန်ဆင်းလာဖို့တော့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ပြန်ပြောရမယ်ဆိုရင် ကိုနာတေးက ငါးပတ်၊ ခြောက်ပတ်လောက် အနားယူခဲ့ရသလို ဘရက်ဒလေလည်း အကြာကြီးနားနေခဲ့ရပါတယ်။ သူတို့တွေ ပြန်လာမယ်ဆိုရင်တော့ တကယ်ကို ကြံ့ခိုင်မှုပြည့်ဝနေပြီး အကောင်းဆုံးလုပ်ဆောင်ပြနေတဲ့ကစားသမားတွေနဲ့ နေရာလုပွဲကို ဆင်နွှဲသွားရပါမယ်။ ကျွန်တော်ကတော့ သူတို့တွေ ပြန်လာမယ့်အချိန်ကျရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပေးသွားပါမယ်”လို့ ပြောပါတယ်။