The network connection is lost.

Banner Image

အနိုင်ဂိုးရှင်ဆိုဘိုဆလိုင်းကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ လီဗာပူးနည်းပြအန်းစလော့

ယမန်နေ့(တနင်္ဂနွေနေ့)ညပိုင်း၊ အာဆင်နယ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အံ့မခန်းဖရီးကစ်ကန်ချက်နဲ့အတူ အနိုင်ဂိုးသွင်းယူပေးသွားတဲ့ မယုံကြည်နိုင်စရာကွင်းလယ်လူဆိုဘိုဆလိုင်းကို လီဗာပူးနည်းပြအန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေက အန်ဖီးလ်ကွင်းအတွင်း တင်းမာမှုတွေပြည့်နှက်နေတဲ့ နေ့လည်ခင်းတစ်ခုမှာလည်း ဆိုဘိုဆလိုင်းရဲ့ ပွဲချိန် ၈၃ မိနစ်တိုက်စစ်ဆင်မှုနဲ့အတူ သူတို့ရဲ့ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို အထင်ကြီးစရာကောင်းအောင် စတင်ထားနိုင်ခဲ့ပါတယ်။

ဆိုဘိုဆလိုင်းနဲ့ပတ်သက်လို့ အန်းစလော့က “ သူက လီဗာပူးကစားသမားတစ်ဦးရဲ့ဘဝမှာ  ဘာတွေလုပ်ထားရမယ်ဆိုတာကို ကောင်းကောင်းနားလည်နေတဲ့ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီးပါပြီ။ ဒီဂျာစီအင်္ကျီကိုဝတ်ဆင်ထားမယ်ဆိုရင် ဘယ်နေရာမှာကစားနေရပါစေ၊ အရာအားလုံးကို ပေးဆပ်သင့်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သူက အမြဲတမ်းလိုလို ပြိုင်ဘက်ကိုဖိအားပေးဖို့ အဆင်သင့်ရှိနေခဲ့ပါတယ်။

ပြီးတော့ ဒီနေ့မှာလည်း ဆိုဘိုဆလိုင်းက အမှားအယွင်းတစုံတရာကျူးလွန်ခဲ့တယ်လို့ ကျွန်တော် မယူဆပါဘူး။ ဘဝတလျှောက်လုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်သာကစားခဲ့ဖူးတဲ့ နေရာမှာ ပါဝင်ကစားခဲ့တဲ့ ဆိုဘိုဆလိုင်းဆီမှ မယုံကြည်နိုင်စရာပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သူပိုင်ဆိုင်ထားတဲ့ စိတ်ဓါတ်ပိုင်းအကြောင်း ပြောစရာတွေ အများကြီးရှိလာခဲ့ပါတယ်”လို့ ရှင်းပြပါတယ်။

တနင်္ဂနွေနေ့နိုင်ပွဲကြောင့် လီဗာပူးက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန် ရယူထားနိုင်တဲ့ တစ်ခုတည်းသော ကလပ်အသင်းဖြစ်လာခဲ့ပါတယ်။ အခုလိုစတင်ထားနိုင်မှုအတွက် သူ့အသင်းနဲ့ပတ်သက်ပြီး ဘယ်အပိုင်းကို သဘောအကျဆုံးဖြစ်မလဲဆိုတဲ့ မေးခွန်းကိုတော့ အန်းစလော့က “ စိတ်ဓါတ်ပိုင်းပါပဲ။ ကစားသမားတွေ ထွက်ခွာသွားမှုကြောင့် ကစာသမားသစ်တွေ အများကြီးရောက်ရှိလာပါတယ်။ ပြီးတော့ ယမန်နှစ်ဘောလုံးရာသီမှာ အရမ်းကောင်းခဲ့တဲ့ ဘုန်းမောက်နဲ့ရင်ဆိုင်ရင်း ဘောလုံးရာသီသစ်ကို စတင်ရပါတယ်။ ဘုန်းမောက်က အခုဆိုရင် ခြောက်မှတ်အထိ စုဆောင်းထားပြီးပါပြီ။

ဒီနောက်မှာ နယူးကာဆယ်နဲ့အဝေးကွင်းပွဲစဉ် ကစားရပါတယ်။ ဒါက အသင်းတိုင်းအတွက် အခက်ခဲဆုံးအဝေးကွင်းပွဲစဉ်တွေအနက် တစ်ခုဖြစ်ပါတယ်။ နောက်ပြီးတော့ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံရပါတယ်။ ဒါကလည်း အခုဘောလုံးရာသီအတွက် အခက်ခဲဆုံးပွဲစဉ်သုံးခုအနက် တစ်ခုဖြစ်တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်နေခဲ့ပါတယ်။ ကျွန်တော်တို့မှာ ပြီးပြည့်စုံမှု မရှိသေးပါဘူး။

စကားမစပ်…. ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ကျွန်တော်တို့အသင်းက ပြီးပြည့်စုံမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းတစ်ခုကို မြင်တွေ့နိုင်ပြီး အန္တရာယ်တွေအကြား ရလဒ်ကောင်းတစ်ခုဖန်တီးဖို့ လူတိုင်း အပြင်းအထန်ကြိုးစားချင်ခဲ့ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။