လီဗာပူးရဲ့ရပ်တည်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ စလော့
ကာရာဘောင်ဖလားပြိုင်ပွဲမှာ ပဲလေ့စ်ကိုအရေးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက် လီဗာပူးရဲ့ရပ်တည်မှုနဲ့ပတ်သက်ပြီး စလော့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဟာ စလော့လက်အောက်မှာ လိဂ်ပွဲ ၄ ပွဲဆက်အရေးနိမ့်ပြီးနောက် အာဆင်နယ် နဲ့ ၇ မှတ်အထိ ကွာဟခဲ့သလို အဆင့် ၇ နေရာအထိ ကျဆင်းခဲ့ရပါတယ်။ အခုချိန်မှာလည်း ကာရာဘောင်ဖလားပွဲမှာ ပဲလေ့စ်ကိုအိမ်ကွင်းမှာတင် ၃-၀ နဲ့အရေးနိမ့်ခဲ့ပါတယ်။ စလော့ဟာ လူစာရင်းကို ၁၀ နေရာလောက်အပြောင်းအလဲလုပ်ခဲ့ပြီး ဆယ်ကျော်သက်ကစားသမား ၃ ဦးအထိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဆားက ပထမပိုင်းမပြီးခင် ပွဲကစားချိန် ၄ မိနစ်အတွင်းမှာတင် ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး တတိယမြောက်ဂိုးကို ဒုတိယပိုင်းမှာ ပီနိုက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူငယ်နောက်ခံလူ နာလိုတစ်ယောက်လည်း လက်ကျန် ၁၂ မိနစ်အလိုမှာတင် အထုတ်ခံခဲ့ရပါတယ်။ စလော့ဟာ အခုပွဲမှာ အဓိကစီနီယာကစားသမားတော်တော်များများကို အနားပေးခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
လီဗာပူးအတွက် ရှေ့လာမယ့်ပွဲစဉ်တွေမှာ ခက်ခဲမှုတွေက စောင့်ကြိုနေပြီး စနေနေ့မှာ ဗီလာ ၊ အဲ့နောက် ရီးရဲလ် ၊ မန်စီးတီးတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပထမဆုံးရာသီမှာတင် လီဗာပူးအသင်းနဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုအခြေအနေအရ အထုတ်ခံရနိုင်တယ်လို့ သတင်းတွေကြီးလာပါတယ်။ ဒါပေမယ့်လည်း ဘီဘီစီသတင်းဌာနကတော့ လီဗာပူးအသင်းဟာ စလော့ကိုထောက်ခံနေဆဲဖြစ်ကာ အထုတ်မခံရနိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
“လီဗာပူးအသင်းအတွင်းပိုင်းက စိတ်အေးအေးထားထားပါတယ်။ သူတို့စလော့ကို ယုံကြည်နေဆဲဖြစ်ပြီး အခုအခြေအနေကို သူတို့လက်ခံထားသလို နွေရာသီမှာ အပြောင်းအလဲတွေအများကြီးလုပ်ထားခဲ့ပါတယ်”လို့ သတင်းဌာနက ဆိုပါတယ်။ စလော့ကို အသင်းဘက်ကထောက်ခံထားပေမယ့်လည်း ပရိသတ်တွေကတော့ ပဲလေ့စ်နဲ့ပွဲကလူစာရင်းရွေးချယ်မှုကို ဝေဖန်နေကြပါတယ်။
“ပွဲအပြီးမှာ ကျွန်တော့်စိတ်က မပြောင်းလဲပါဘူး။ ကျွန်တော်တို့ကစားသမားတွေ ရလဒ်ကောင်းရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ခင်ဗျားအနေနဲ့ ရွေးချယ်မှုတိုင်းမှာ အရှိတရားကိုလက်ခံရပါမယ်။ ၆ ပွဲမှာ ၅ ပွဲအရေးနိမ့်ခဲ့တဲ့အကြောင်းအရင်းအများကြီးမရှိပါဘူး။ကျွန်တော်တို့ လာမယ့်အပတ်တွေကိုကြည့်ရင် ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာပါ။ အဲ့တာကြောင့် ကျွန်တော်သေချာလေးလူစာရင်းကို ကိုင်တွယ်နေရတာပါ။ ဒဏ်ရာပြဿနာတွေလည်း ရှိနေပါတယ်။
အဲ့တာကြောင့် အကောင်းဆုံးရွေးချယ်မှုပြုလုပ်ခဲ့ရတာပါ။ လိဂ်ဖလားမှာ လူငယ်ကစားသမားတွေကို နေရာပေးလေ့ရှိပါတယ်။ ကျွန်တော်တို့ လူစာရင်းက လူတွေထင်သလို မတောင့်တင်းပါဘူး။ ဒါကြောင့် အပြောင်းအလဲလုပ်ဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ လူအင်အားက လုံလောက်မှုမရှိပါဘူး”လို့ စလော့က ဖြေကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်စနေနေ့မှာ မန်စီးတီးကိုအနိုင်ရခဲ့တဲ့ ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။