မန်စီးတီးအတွက် အရေးပါတဲ့အနိုင်ဂိုးရှင် အိုမာမာမွတ်ရှ်ကို အထူးချီးကျူးဂုဏ်ပြုခဲ့တဲ့ ပက်ဂွါဒီယိုလာ
ဆွမ်ဆီးကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ကာရာဘောင်ဖလားကွာတားဖိုင်နယ်အဆင့်ဆီ မန်စီးတီးအသင်း တက်လှမ်းနိုင်ပြီးနောက် အခုဘောလုံးရာသီအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုမာမာမွတ်ရှ်ကို နည်းပြပက်ဂွါဒီယိုလာက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ မာမွတ်ရှ်က ဝေးလ်တောင်ပိုင်းပွဲစဉ်အတွက် ဟာလန်းကိုအနားပေးထားချိန် တိုက်စစ်မြှားဦးနေရာမှာ တာဝန်ယူကစားခဲ့ပြီး ချေပဂိုးသွင်းယူထားနိုင်တဲ့မန်စီးတီးအတွက် အလွန်အရေးပါစေမယ့်ဦးဆောင်ဂိုးကို သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ၁၃ မိနစ်အလိုမှာ သွင်းယူခဲ့ပါတယ်။
အခုနိုင်ပွဲနဲ့အတူ ပက်ဂွါဒီယိုလာရဲ့အသင်းက ဒီဇင်ဘာလလယ်မှာကျင်းပမယ့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပြီး ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရပါလိမ့်မယ်။
စက်တင်ဘာလအစောပိုင်း၊ နိုင်ငံတကာသီတင်းပတ်မှာ ဒူးဒဏ်ရာရရှိပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်မှ ဘောလုံးပြန်ကစားနိုင်တဲ့ အီဂျစ်တိုက်စစ်မှူးနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ ဟာလန်းလိုပဲ ပြိုင်ဘက်ဗဟိုခံစစ်မှူးတွေ ပတ်ချာလည်ဝိုင်းနေတဲ့ ငါးယောက်တန်းခံစစ်ကစားပုံမျိုးမှာ ဘယ်လောက်အထိ စိတ်ရှည်သည်းခံဖို့ လိုအပ်သလဲဆိုတာ အိုမာမာမွတ်ရှ် ကောင်းကောင်းသိပါတယ်။
နေရာလွတ်ကျဉ်းကျဉ်းလေးတွေထဲမှာ ဘယ်လိုနေရမလဲ၊ တည်ငြိမ်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ၊ နောက်ကွယ်မှ လျှပ်တပြက်ဘယ်လိုပြေးထွက်မလဲ…. အထူးသဖြင့် ကျွန်တော်တို့မှာ ဖိုဒန်၊ ချာကီ၊ နီကိုဂွန်ဇာလက်ဇ်တို့လို အသိအမှတ်ပြုလောက်စရာ ဘောလုံးပေးပို့မှုကောင်းမွန်သူတွေ ရှိထားပါတယ်။
တဖြည်းဖြည်းတော့ ပိုကောင်းလာနေပါတယ်။ တိုက်စစ်မှူးတစ်ဦးအတွက် ဂိုးတွေလိုအပ်ပြီး သူ့ရဲ့ယုံကြည်မှုအတွက်လည်း ဒီသွင်းဂိုးဟာ အလွန်အရေးကြီးနေလို့ သူ့အတွက် ကျွန်တော် ပိုပြီးတောင် ပျော်ရွှင်မိပါတယ်။ ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ပြီး ဟာလန်းရဲ့နေရာမှာ ပါဝင်ကစားပေးတယ်ဆိုတာ အလွန်အရေးကြီးပါတယ်။ ပွဲစဉ်အတော်များများအတွက် ဒီတိုက်စစ်မှူးနှစ်ဦးကို လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အိုမာမာမွတ်ရှ်ပြန်လာတာ အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။