The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ပြီးနောက် ပွဲထွက်လူစာရင်းရွေးချယ်မှုအပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ အန်းစလော့

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ကာ ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် အန်းစလော့က သူ့ရဲ့ပွဲထွက်လူစာရင်းရွေးချယ်မှုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ အန်းစလော့က လွန်ခဲ့တဲ့သီတင်းပတ်၊ ဘရန့်ဖို့ဒ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့ပွဲထွက်လူစာရင်းမှ ကာကက်ဇ်တစ်ဦးတည်းသာ ရွေးချယ်ကာ ဗုဒ္ဓဟူးည၊ အန်ဖီးလ်ကွင်းပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကို ၁၀ နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

ဒီပွဲထွက်လူစာရင်းအခင်းအကျင်းမှာ စီနီယာကစားသမားတွေအဖြစ် ရော်ဘတ်ဆန်၊ အန်ဒို၊ ဂျိုးဂိုးမက်ဇ်၊ ချီယေဆာနဲ့ မက်အယ်လစ္စတာတို့သာ ပါဝင်ပြီး ဖရက်ဒီဝုဒ်မန်းလည်း ကလပ်အသင်းအတွက် သူူ့ရဲ့ပြိုင်ပွဲအသွင်ပွဲဦးထွက်ပွဲစဉ်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပွဲနေ့လူစာရင်းလက်ကျန်နေရာတွေမှာ မိုဆာလက်၊ ဗန်ဒိုက်၊ ဖလော်ရီယန်ဝစ်ဇ်၊ ဆိုဘိုဆလိုင်းနဲ့ အီကီတီကီတို့မပါဝင်ဘဲ အတွေ့အကြုံပိုင်းအားနည်းတဲ့ လူငယ်ကစားသမားတွေပဲ ဖြည့်တင်းထားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အခုလိုနာမည်ကြီးကစားသမားတွေကို အရန်ခုံတန်းမှာတောင် မထားရှိဖို့ဆိုတဲ့ အန်းစလော့ရဲ့ဆုံးဖြတ်ချက်က မာဆေးလ်ဆိုဒ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးဖြင့် အရေးနိမ့်မှုဆီ ဦးတည်သွားခဲ့ပါတယ်။ အခြေအနေပိုဆိုးသွားသည်မှာ အတွက်အဆမှားယွင်းတဲ့ဖျက်ထုတ်မှုတစ်ကြိမ်ကြောင့် လီဗာပူးလူငယ်ကစားသမားနယ်လို အနီကတ်ပြသခံရမှု ဖြစ်ပါတယ်။

ဒါပေမဲ့ အန်းစလော့ကတော့ သူ့ရဲ့ပွဲထွက်လူစာရင်းရွေးချယ်မှုအပေါ် နောင်တမရဘူးလို့ အခိုင်အမာပြောဆိုလိုက်ပြီး ပွဲစဉ်ဇယားကျပ်တည်းမှုနဲ့ သူ့ရဲ့အသင်း ရင်ဆိုင်နေရတယ်လို့ ထောက်ပြခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း လီဗာပူးနည်းပြက “ ဘောလုံးပွဲတစ်ပွဲ ရှုံးနိမ့်တယ်ဆိုတာ အမြဲတမ်းလိုလို ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုးရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာရမယ်ဆိုရင်ပေါ့။ ဒါပေမဲ့ ဒီညအတွက် ကျွန်တော်ရဲ့ရွေးချယ်မှုက ပြီးခဲ့တဲ့ရာသီ၊ အခုလိုအဆင့်မျိုးမှာ ကျွန်တော်ရွေးချယ်ခဲ့တဲ့ပုံစံမျိုးနဲ့ အတူတူပါပဲ။

နောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲအထိရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒီလောက်ရှုံးပွဲများနေတာကို လက်ခံပေးနိုင်စရာ မရှိပါဘူး။ ကျွန်တော်ဆီမှာလည်း အကြောင်းပြချက်တွေ ရှိနိုင်ပေမဲ့ လီဗာပူးလိုအသင်းအတွက် ခုနစ်ပွဲမှာ ခြောက်ပွဲအထိ ရှုံးနိမ့်တယ်ဆိုတာ အတော်လေးများလွန်းလို့ ဒီလိုစံနှုန်းမျိုးကို လက်ခံပေးနိုင်စရာ မရှိပါဘူး။

ဒီအတွက် ဥပမာအဖြစ်ပြောရရင် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ရဲ့ ကျွန်တော်တို့အသင်း စွမ်းဆောင်ရည်ပိုင်းကို ကြည့်လိုက်ပါ။ ဖရန့်ဖတ်နဲ့အဝေးကွင်းပွဲစဉ်အပြီး နှစ်ရက်အကြာမှာ ခုနစ်ရက်အတွင်း သုံးပွဲကစားရလို့ ရုန်းကန်နေရတဲ့ အသင်းတစ်ခုကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။

ထပ်ပြောရရင် ဘောလုံးပွဲရှုံးနိမ့်သွားလို့ ဆင်ခြေပေးတာမျိုး မဟုတ်ပါဘူး၊ ရာသီကြိုမှာပူးပေါင်းမှုနည်းပါးခဲ့တဲ့ ကစားသမားတွေနဲ့ မတူညီတဲ့လိဂ်မှရောက်ရှိလာတဲ့ ကစားသမားတွေ ရုန်းကန်နေရတယ်ဆိုရင် ကျွန်တော့်အတွက် အံ့သြဖို့မကောင်းလှပါဘူး။ ခုနစ်ရက်အတွင်း ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် သုံးပွဲကစားဖို့ဆိုတာ သူတို့အတွက် စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်ပါတယ်။

လာမယ့်နှစ်ရက်အတွင်းမှာ အက်စတွန်ဗီလာနဲ့ ကစားရပါတယ်။ နောက်ဆုံးတစ်ခေါက်တုန်းကလည်း အဆင်သင့်ဖြစ်နေပြီလို့ ယူဆထားချိန် အီဆက်ခ်ကို ထည့်သွင်းအသုံးပြုရာမှာ ဖရန့်ဖတ်နဲ့ပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားပါတယ်။  ဆောက်သမ်တန်နဲ့ရင်ဆိုင်ခဲ့ရတဲ့ဒီလိုပွဲစဉ်မှာလည်း ဒဏ်ရာပြဿနာတစ်ခုနဲ့အတူ လီယိုနီ ထွက်ခွာလာပါတယ်။ ဒါ့အပြင် အီကီတီကီလည်း နှစ်ဝါတစ်နီပြစ်ဒဏ် ထိခဲ့ပါတယ်။

လက်ရှိမှာ ကစားသမား ၁၅ ဦး၊ ၁၆ ဦးလောက်ပဲ အသုံးပြုနိုင်မယ်လို့ ကျွန်တော်တွေးမိပါတယ်။ နောက်ပြီး ဒီကလပ်အသင်းက အခုလိုပြိုင်ပွဲမျိုးမှာ အကယ်ဒမီကစားသမားတွေကို နေရာပေးလေ့ရှိပါတယ်။ ပုံမှန်ပွဲထွက်ခွင့်မရသူတွေနဲ့ အကယ်ဒမီကစားသမားတွေကို အသုံးပြုခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ယူဆမိပြီး ဒီရလဒ်ထွက်ပေါ်ပြီးချိန်မှာလည်း ကျွန်တော့်ရဲ့အမြင် မပြောင်းလဲသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပွဲထွက်ကစားသမားအများစုနဲ့လည်း ခရစ္စတယ်ပဲလေ့စ်ကို အနိုင်မရရှိခဲ့လို့ပါ”လို့ ပြောပါတယ်။

လီဗာပူးက လာမယ့်စနေညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်သွားရပါမယ်။