ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားတဲ့ ဂျပန်အသင်းခေါင်းဆောင်အန်ဒို
ဂျပန်လက်ရွေးစင်အသင်းနဲ့ လီဗာပူးအသင်းအန်ဒိုက လတ်တလောခံစားနေရတဲ့ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ မဖြစ်မနေနုတ်ထွက်လိုက်ရပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ခြေထောက်အရိုးကျိုးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်သက်သာလာစေဖို့အတွက် လီဗာပူးအသင်းရဲ့လက်ကျန်ရာသီဝက်ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။
အန်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဂျပန်အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပြီး ပြိုင်ပွဲအကြို၊ အိုက်စလန်နဲ့ခြေစမ်းပွဲစဉ်မှာလည်း ၄၅ မိနစ်ကြာ ပါဝင်ကစားခဲ့ပါတယ်။
ဂျပန်အသင်းဘက်ကတော့ လက်ရှိမှာ သူတို့ရဲ့အသင်းခေါင်းဆောင်နဲ့ပတ်သက်လို့ အသင်းမှနုတ်ထွက်သွားပြီလို့ ကြေညာခဲ့ပြီး သူ့ရဲ့နေရာမှာ ရှုတိုမာချီနိုနဲ့ အစားထိုးသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
အန်ဒိုက ဒဏ်ရာပြန်လည်သက်သာလာမှုနှောင့်နှေးခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်၊ နက်ရှ်ဗီးလ်ရှိ လက်ရွေးစင်အသင်းစခန်းသွင်းလေ့ကျင့်မှုမှာ တစ်ကိုယ်တော်လေ့ကျင့်ရေးအစီအစဉ်တွေကိုသာ ပြုလုပ်နိုင်ခဲ့ပါတယ်။