The network connection is lost.

Banner Image

ဒုတိယနေရာနဲ့ကျေနပ်ဖို့ လီဂူးဝမ်းကိုရောက်လာတာမဟုတ်ဘူးလို့ ပီအက်စ်ဂျီကို သတိပေးလိုက်တဲ့ ဒီဇာဘီ

မာဆေးလ်နည်းပြ ရော်ဘတ်တိုဒီဇာဘီက သူ့အနေနဲ့ လီဂူးဝမ်းသို့ရောက်ရှိလာခဲ့ခြင်းမှာ အမှတ်ပေးဇယား ဒုတိယနေရာနဲ့ ကျေနပ်ဖို့မဟုတ်ဘူးလို့ လက်ရှိချန်ပီယံပီအက်စ်ဂျီကို သတိပေးစကားဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကုန်မှာ လီဂူးဝမ်းအမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာသာရပ်တည်နိုင်ခဲ့တဲ့မာဆေးလ်ဟာ ယခုနှစ်ရာသီမှာတော့ ဘရိုက်တန်နည်းပြ ဒီဇာဘီကိုခေါ်ယူပြီး အသင်းကိုအင်အားဖြည့်တင်းခဲ့ပါတယ်။ ဒီဇာဘီရဲ့လက်အောက်မှာ ခြေစွမ်းတိုးတက်လာခဲ့တဲ့ မာဆေးလ်ဟာ ယခုအခါမှာတော့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ 

မာဆေးလ်အနေနဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်ထားနိုင်ပေမယ့် ထိပ်ဆုံးက ပီအက်စ်ဂျီနဲ့ ရမှတ် ၁၀ မှတ်အထိကွာဟနေတာကြောင့် ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့တော့ အတော်လေးရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။သို့သော်လည်း အန်ဂါးစ်ကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်အပြီးမှာ ဒီဇာဘီကတော့ အမှတ်ပေးဖလားအတွက် အစွမ်းကုန်တိုက်ပွဲဝင်ကြဖို့ အသင်းသားတွေကို တွန်းအားပေးပြောကြားလာခဲ့ပါတယ်။ 

အီတလီသားနည်းပြက "တကယ်လို့ ကျွန်တော်တို့မှာ မြင့်မားတဲ့ရည်မှန်းချက်တွေမရှိဘူးဆိုရင် စိတ်ပျက်စရာကောင်းတဲ့အသင်းဖြစ်နေပါလိမ့်မယ်။တကယ်လို့ ရည်မှန်းချက်ကို မရောက်ခဲ့ရင်တောင် ဘာမှမဖြစ်ပါဘူး။ အမြဲတမ်း ကြိုးစားနေဖို့ပဲလိုပါတယ်။ ဒီအသင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေမယ်ဆိုရင် ဘယ်သူမဆို ရည်မှန်းချက် ကြီးကြီးထားရပါမယ်"

"ကျွန်တော်တို့မှာ လိုအပ်ချက်တွေရှိနေပေမယ့် ပြည့်စုံတဲ့အပိုင်းတွေလည်းရှိနေပါတယ်။ အသင်းမှာ ရူလီ၊ ရာဘီယော့၊ ဟိုဂျက်၊ ဘန်တန်ကာနဲ့ ကွန်ဒေါ်ဘီယာတို့လို ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်ဒီကိုလာတာ ဒုတိယနေရာနဲ့ကျေနပ်ဖို့မဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်စနေနေ့မှာတော့ မာဆေးလ်ဟာ လီဂူးဝမ်းပွဲစဉ်အဖြစ် စိန့်အက်တီယန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲရရှိအောင် ဆက်လက်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။