မိုနာကို ကွင်းလယ်လူ ကာမာရာကို စောင့်ကြည့်နေတဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းဟာ မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမား လာမင်းကာမာရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ ဒီဆီနီဂေါလက်ရွေးစင်ကစားသမားကို မျက်စိကျစောင့်ကြည့်နေတယ်လို့ The i သတင်းစာက ဖော်ပြထားပါတယ်။
နယူးကာဆယ်ဟာ အခုလာမယ့် နွေရာသီအပြောင်းအရွှေ့မှာပဲ ဒီကွင်းလယ်လူအတွက် ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ ရည်ရွယ်ထားတာပါ။ မိုနာကိုအသင်းဘက်ကလည်း ကာမာရာအတွက် သင့်တော်တဲ့ဈေးနှုန်းတစ်ခု ရရှိမယ်ဆိုရင် ဒီနွေရာသီမှာ ရောင်းချဖို့ စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ မိုနာကိုဘက်က သူ့ရဲ့ပြောင်းရွှေ့ကြေးကို အတိအကျ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။
ကာမာရာနဲ့ မိုနာကိုအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၉ ခုနှစ် နွေရာသီအထိ ရှိနေတာဖြစ်ပါတယ်။ သူဟာ ပြင်သစ်လီဂူးဝမ်းကလပ် မိုနာကိုအသင်းဆီ ရောက်ရှိလာချိန်ကစလို့ ပြိုင်ပွဲစုံ ၆၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။