ပီအက်စ်ဂျီကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် နည်းပြ ဒီဇာဘီနဲ့ မာဆေးလ်အသင်းတို့ နှစ်ဦးသဘောတူ လမ်းခွဲ
မာဆေးလ်အသင်းနဲ့ နည်းပြ ရောဘတ်တို ဒီဇာဘီတို့ဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ အတည်ပြုကြေညာခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ပြိုင်ဘက် ပီအက်စ်ဂျီအသင်းကို ၅-၀ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ယခုလို လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
RMC သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဇာဘီဟာ အသင်းကနေ ထွက်ခွာဖို့ အစောကတည်းက နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အစားထိုးမယ့် နည်းပြသစ် မရှာဖွေနိုင်သေးခင်မှာ အရံအသင်းနည်းပြ ပန်ချိုအာဘာဒိုနာဒိုနဲ့ ရိုမိန်းဖာရီယာတို့က အသင်းကို ယာယီကိုင်တွယ်သွားဖွယ် ရှိနေပါတယ်။
မာဆေးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မထင်မှတ်ဘဲ ထွက်ခွာခဲ့ရသလို ပီအက်စ်ဂျီကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီဇာဘီကိုယ်တိုင်လည်း အသင်းရဲ့ တည်ငြိမ်မှုမရှိတဲ့ ခြေစွမ်းအပေါ် နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။
ဒီဇာဘီဟာ ခံစစ်ကစားပုံကို ၃ ယောက်တန်းနဲ့ ၄ ယောက်တန်းကြား အမြဲတမ်း ပြောင်းလဲအသုံးပြုခဲ့သလို ရာသီအစကတည်းက ပွဲထွက်လူစာရင်း ၃၃ မျိုးအထိ ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။
ဒီလို နည်းဗျူဟာပိုင်းနဲ့ ကစားသမား အပြောင်းအလဲ အလွန်များပြားတာကြောင့် အသင်းတည်ငြိမ်မှု လုံးဝမရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဇာဘီဟာ ဒီရာသီကို အဆုံးထိ တာဝန်ယူဖို့ စိတ်ပိုင်းဆိုင်ရာ ခွန်အား မရှိတော့ဘူးလို့ သိရပါတယ်။
ဒီဇာဘီက ၂၀၂၄ ခုနှစ်မှာ အနည်းဆုံး ၃ နှစ်ကြာ စီမံကိန်းအတွက် မာဆေးလ်ထံ ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့ ၁၈ လအကြာမှာပဲ လမ်းခွဲခဲ့ရတာပါ။