
ဖရန့်ဖတ်စတားကို ပေါင် ၆၉ သန်းနဲ့ခေါ်ယူနိုင်တော့မယ့် လီဗာပူး
သတင်းတွေအရ လီဗာပူးအသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူး အက်တီတီကို ပေါင် ၆၉ သန်းနဲ့ခေါ်ယူနိုင်တော့မှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ဘောနပ်စ်ကိစ္စကိုဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။ စကိုင်းစပေါ့တ်သတင်းဌာနက လီဗာပူးအသင်းအနေနဲ့ အက်တီတီအတွက် ပေါင် ၇၈ သန်းအထိ ကုန်ကျနိုင်တယ်လို့ ဖော်ပြခဲ့ပြီး အပိုဆုကြေးတွေဆက်လက်ဆွေးနွေးနေပါတယ်။
၂ သင်းစလုံးကတော့ မကြာခင်မှာ အပြည့်အဝသဘောတူညီမှုရယူနိုင်မယ်လို့ မျှော်လင့်နေပြီး အပြောင်းအရွှေ့အပြီးသတ်ချင်နေပါတယ်။ နယူးကာဆယ်ဘက်က အီဆက်ကိုမရောင်းချတာကြောင့် လီဗာပူးအသင်းဟာ အခုအပတ်အစောပိုင်းမှာ အက်တီတီကို ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ဘက်က ကနဦးကမ်းလှမ်းခဲ့သေးပေမယ့်လည်း အဆင်မပြေခဲ့ပဲ အခုလီဗာပူးအသင်းက ကမ်းလှမ်းချိန်မှသာ အဆင်ပြေခဲ့တာဖြစ်ပါတယ်။
အသက် ၂၃ နှစ်သားဟာ စနေနေ့တုန်းက ဖရန့်ဖတ်ရဲ့ရာသီကြိုခြေစမ်းပွဲမှာ ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အက်တီတီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၂၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အက်တီတီဟာ ဆယ်ကျော်သက်ကစားသမားဘဝကို စတာဒီရင်းစ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အဲ့နောက်နည်းပြအဖွဲ့ဝင်တွေက ဘာပေရဲ့စွမ်းဆောင်ရည်အပြင် အခြားတိုက်စစ်မှူး ၂ ဦးရဲ့စွမ်းဆောင်ရည်ကို ပြသပြီး အက်တီတီကို အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။
“အသင်းမှာ ခြေတူတဲ့ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့အခြေအနေက ပီအက်စ်ဂျီနဲ့ အများကြီးမကွာခြားပါဘူး။ သူတိုးတက်လာဖို့ အခြားတိုက်စစ်မှူး ၂ ဦးအဆင့်ရောက်အောင် စိန်ခေါ်ခဲ့ပါတယ်။ လအနည်းငယ်အတွင်းမှာ သူက ဘာပေအဆင့်အတန်းမျိုးရောက်လာခဲ့ပါတယ်။ သူကအရည်အချင်းပြည့်ဝတဲ့ကစားသမားပါ။ ဒါပေမယ့် နည်းပြအချို့ကတော့ သူ့ရဲ့ပရိုဖိုင် နဲ့ စရိုက်လက္ခဏာကြောင့် သူ့ကိုမကြိုက်ပါဘူး။ အက်တီတီက အနည်းငယ်စိတ်ကြီးဝင်နေတယ်လို့ သူတို့တွေးထင်နေကြပါတယ်။ သူကိုယ်တိုင်ကိုက အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက် အမြဲတမ်းဖြစ်ချင်နေတာပါ”လို့ စတာဒီရင်းစ်နည်းပြ ဂါစီယာက ပြောကြားခဲ့ပါတယ်။ အဲ့နောက် အက်တီတီဟာ အငှားတွေထွက်ကစားခဲ့ပြီး နောက်ဆုံးမှာ ဖရန့်ဖတ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။