ကစားပုံအပြောင်းအလဲကြောင့် ခြေစွမ်းပိုင်းပိုကောင်းလာတယ်လို့ ခံစားမိနေတဲ့ ကာကက်ဇ်
လီဗာပူးခံစစ်အစွန်ကစားသမားကာကက်ဇ်က နည်းပြအန်းစလော့ရဲ့စနစ်အပြောင်းအလဲတစ်ခုဟာ သူ့ရဲ့ခြေစွမ်းပိုင်းအပေါ် အကူအညီပေးနေတယ်လို့ ပြောပါတယ်။ အခုအချိန်မှာ ဟန်ဂေရီလက်ရွေးစင်ကစားသမားက သူ့အတွက် ဘုန်းမောက်ဆီ လီဗာပူးတို့ ဘာကြောင့်ငွေကြေးကုန်ကျခံခဲ့သလဲဆိုတဲ့အချက်ကို သက်သေပြနေပြီလို့ ယုံကြည်နေပါတယ်။
BBC Radio 5Live နဲ့တွေ့ဆုံချိန် ကာကက်ဇ်က “ အထိုင်ကျသွားဖို့ဆိုတာ တကယ်တော့ သိပ်မခက်ခဲခဲ့ပါဘူး။ ကျွန်တော့်ကို အသင်းဖော်တွေအားလုံး အများကြီးကူညီပေးခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို တွန်းအားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကျွန်တော်တို့အချင်းချင်းအကြား တစ်ဦးနဲ့တစ်ဦး ပိုရင်းနှီးလာလို့ ကစားပုံပိုင်း ပိုကောင်းလာပါတယ်။ အခုတော့ ကျွန်တော်နဲ့ ဖလော်ရီယန်ဝစ်ဇ်အကြား ကောင်းမွန်တဲ့ချိတ်ဆက်မှုတစ်ခု ရှိနေပါပြီ။
ကျွန်တော်တို့ ကောင်းကောင်းကစားနေပြီး ဒီအတိုင်းဆက်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်။ ကစားပုံပြောင်းလဲမှု ကို ကြိုက်နှစ်သက်ပါတယ်။ ဒီကစားပုံမှာ ကျွန်တော်က ဖလော်ရီယန်ဝစ်ဇ်နဲ့ လွတ်လွတ်လပ်လပ် ချိတ်ဆက်ကစားနိုင်ပါတယ်။ ကျွန်တော်တို့တွေ ဘောလုံးအပေးအယူများစွာနဲ့ အချိတ်အဆက်မိမိ လှုပ်ရှားကစားနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ပိုပြီးရှိနေသလိုမျိုး၊ ဖြတ်တင်ဘောတွေ ပိုပြီးပေးပို့နိုင်သလိုမျိုး ခံစားမိနေပါတယ်။ မူလအလုပ်ဖြစ်တဲ့ ခံစစ်ပိုင်းမှာလည်း ပိုကောင်းလာပါတယ်။ ဒါကြောင့် ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။
လူတိုင်းအတွက် ခက်ခဲတဲ့ကာလတစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော်တို့အချင်းချင်းအကြား တစ်ဦးနဲ့တစ်ဦး စကားတွေပြောကြပြီး ဒီထက်ပိုပြီးပျံသန်းနိုင်ဖို့ စတင်ခဲ့ကြပါတယ်။ ကျွန်တော်တို့တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိရှိနဲ့ စိတ်ဓါတ်ပိုင်းကို ပြသဖို့လောက်ပဲ လိုအပ်တာပါ။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ လီဗာပူးအတွက် ကစားမယ်ဆိုရင် နိုင်ပွဲတွေရရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်”လို့ ပြောပါတယ်။