လီဗာပူးမှာ အိပ်မက်တစ်ခု ပြည့်စုံသွားပြီလို့ ဖွင့်ဟဝန်ခံလိုက်တဲ့ အီကီတီကီ
လီဗာပူးကစားသမားတစ်ဦးဖြစ်လာရခြင်းကို အိပ်မက်တစ်ခု လက်တွေ့အကောင်အထည်ပေါ်လာခြင်းလို့ အီကီတီကီက ပြောပါတယ်။
နွေရာသီကာလအတွင်း ဖရန့်ဖတ်မှရောက်ရှိလာတဲ့ တိုက်စစ်မှူးက ပရိသတ်တွေကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူးလို့ အာမခံလိုက်ပါတယ်။
အီကီတီကီက “ ပရိသတ်တွေ ဘာတွေမျှော်လင့်နေသလဲဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော့်ဆီမှာလည်း ကိုယ်ပိုင်မျှော်လင့်ချက်တွေ ရှိပါတယ်။ လူတွေမျှော်လင့်ထားသလောက် အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့ ကျွန်တော်ကြိုးစားနေပါတယ်။ အိပ်မက်,မက်ခဲ့ရတဲ့နေရာတစ်ခုမှာ ရောက်ရှိနေပြီဆိုတာလည်း ကျွန်တော် သိရှိထားပါတယ်။
နေရာပေါင်းစုံကို ကျွန်တော်ရောက်ဖူးပြီး အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်ရမယ့်အရာတွေ ရှိပါတယ်။ ဘောလုံးလောကဆိုတာ ဒီလိုအရာပဲလို့ပဲ ထင်ပါတယ်။
ဘောလုံးက ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းနွမ်းလျစေတယ်လို့ ထင်ပါတယ်။ ထိပ်ဆုံးရောက်ချင်ရင်၊ အောင်မြင်ချင်ရင် အထပ်ထပ်အခါခါ အမြဲတမ်းကြိုးစားသွားရပါမယ်။
မနက်ဖြန်ပွဲစဉ်မှာ ကျွန်တော်သာ နှစ်ဂိုးသွင်းယူပြီး ငါတော့ အရမ်းကောင်းနေပြီလို့ပြောလိုက်မယ်ဆိုရင် ကျွန်တော် ရပ်တန့်သွားပါလိမ့်မယ်။ ကျွန်တော်က အကောင်းဆုံးပဲဖြစ်ချင်တာပါ။ ဒါကြောင့်ပဲ ကျွန်တော် ဘောလုံးကစားနေတာပါ။
ဒါပေမဲ့ ကျွန်တော်လုပ်ရမယ့်အလုပ်တွေ၊ တိုးတက်အောင်လုပ်ရမယ့်အရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အကောင်းဆုံးပဲဖြစ်ချင်တယ်ဆိုတာ သေချာပါတယ်။
တိုက်စစ်မှူးတစ်ဦးရဲ့ဘဝအတွက် သွင်းဂိုးတွေဆိုတာ မဖြစ်မနေလိုအပ်ပါတယ်။ တခါတလေ ကျွန်တော်က ဂိုးဖန်တီးမှု၊ ဂိုးသွင်းယူမှု မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က အသင်းဖော်တစ်ဦးဦးအတွက် အကောင်းဆုံးပြေးလွှားပေးပြီး အဲ့ဒီအသင်းဖော်ကိုယ်တိုင် ဂိုးသွင်းပေးပါလိမ့်မယ်။
ပြီးတော့ အဲ့ဒီလိုမျိုးမှမလုပ်ပေးဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဖိအားတွေကို မလိုချင်ဘူးဆိုရင် နေရာမှန်မရောက်ရှိဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်ကတော့ နေရာမှန်မှာ ရှိနေပါတယ်”လို့ ပြောပါတယ်။