ခဗာရက်စ်ခီလီယာရဲ့ စစ်ဘေးရှောင်ဘဝမှ ဥရောပထိပ်တန်းကစားသမားဘ၀ တည်ဆောက်ခဲ့ပုံ
ခဗာရက်စ်ခီလီယာကို မာရာဒိုနာလက်သစ်လို့ နာမည်ပြောင်ပေးထားပြီး ဒီနာမည်ပြောင်က သူနဲ့လည်း လိုက်ဖက်ပါတယ်။
နာပိုလီပရိသတ်တွေအနေနဲ့ ကျူးကျော်စစ်ကြောင့်တိမ်းရှောင်လာရတဲ့ ကွင်းလယ်တိုက်စစ်သမားကို ဈေးသက်သက်သာသာနဲ့ အသင်းဆီ ခေါ်ယူနိုင်ဖို့ အကြာကြီး မစောင့်လိုက်ရပါဘူး။ လှပတဲ့နေပယ်လ်မြို့ဆီ ရောက်ရှိလာတဲ့ ခဗာရက်စ်ခီလီယာက နာပိုလီအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်နောက်ခံလူတွေကို အကြိမ်ကြိမ်ကျော်ဖြတ်ပြခဲ့ပါတယ်။
အသက်-၂၁ နှစ်အရွယ်ကြယ်ပွင့်က ပူပူနွေးနွေးစကူဒက်တိုချန်ပီယံနာပိုလီအတွက် အခုဘောလုံးရာသီ အောင်မြင်မှုတွေမှာ အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ လျှပ်စီးကဲ့သို့လျှင်မြန်တဲ့ ပြေးအား၊ ရင်သပ်ရှုမောဖွယ် ဘောလုံးစွမ်းရည်တွေကြောင့် နေပယ်လ်မြို့သားတွေက သူ့ကို နာပိုလီဂန္တဝင်ရဲ့နာမည်နဲ့ ထပ်တူပြုကာ ခဗာရာဒိုနာလို့ ချစ်စနိုးခေါ်ဝေါ်နေကြပါတယ်။
တီဘလီစီမြို့မှာ မွေးဖွားခြင်း
-----------------------------
၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဂျော်ဂျီယာနိုင်ငံ၊ တီဘလီစီမြို့မှာ ခဗာရက်စ်ခီလီယာကို မွေးဖွားခဲ့ပါတယ်။ ခဗာရက်စ်ခီလီယာရဲ့ဖခင်ကတော့ အဇာဘိုင်ဂျန်လက်ရွေးစင်ကစားသမားဟောင်း ဘာဒရီခဗာရက်စ်ခီလီယာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် မဟုတ်ဘဲ ကိုယ်တိုင်ဘောလုံးအပေါ် ချစ်မြတ်နိုးတာကြောင့် ခဗာရက်စ်ခီလီယာက အသက်-၈ နှစ်သားအရွယ်မှာပဲ ဘောလုံးစတင်ကစားခဲ့ပါတယ်။
မွေးရပ်မြေကလပ်အသင်း ဒိုင်နမိုတီဘလီစီမှာ လူငယ်ကစားသမားဘဝကို ဖြတ်သန်းရင်း အသက်-၁၆ နှစ်အရွယ်မှာပဲ အသင်းအတွက် ပွဲဦးထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ရုရှားပြည်တွင်းကလပ် လိုကိုမိုးတစ်မော်စကိုဆီ အငှားနဲ့ပြောင်းရွှေ့ပြီး အသင်းသစ်နဲ့အတူ ရုရှားဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီနှစ်နှောင်းပိုင်းမှာပဲ အသက်-၁၈ နှစ်အရွယ် အရပ်-၆ ပေအမြင့်ရှိ တိုက်စစ်ကြယ်ပွင့်က ရူဘင်ကာဇန်ဆီ ငါးနှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။
ခဗာရက်စ်ခီလီယာရဲ့ ပွဲဦးထွက်ရာသီမှာတော့ လအလိုက်အကောင်းဆုံး ကစားသမားဆုကို လေးကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့ပြီး ပြင်သစ်အခြေစိုက်နာမည်ကြီးမဂ္ဂဇင်း L’Equipe မှ ပြုစုတဲ့ ၂၁ ရာစုဖွားထိပ်တန်းကစားသမား ၅၀ ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲလာမှုနဲ့အတူ ခဗာရက်စ်ခီလီယာက သူ့ရဲ့စာချုပ်သက်တမ်းကို ဆိုင်းငံ့ကာ ဂျော်ဂျီယာနိုင်ငံဆီ ပြန်လာခဲ့ပါတယ်။ မတ်လမှာတော့ ဂျော်ဂျီယာပြည်တွင်းကလပ် ဒိုင်နမိုဘာတူမီအသင်းနဲ့ ပူးပေါင်းကာ ရာသီလက်ကျန်ပွဲစဉ်တွေကို ပါဝင်ကစားခဲ့ပါတယ်။
အီတလီမြေသို့ ခရီးဆက်ခြင်း
------------------------------
ရူဘင်ကာဇန်၊ ဂျော်ဂျီယာတိုနဲ့အတူပြသထားတဲ့ ခြေစွမ်းကောင်းတွေကြောင့် ခဗာရက်စ်ခီလီယာက ဥရောပတလွှားရှိ ဘောလုံးကင်းထောက်တွေရဲ့စက်ဝန်းထဲ ပါဝင်လာခဲ့ပြန်ပါတယ်။ အထူးသဖြင့် နာပိုလီအသင်းက သူ့ရဲ့ခြေစွမ်းအပေါ် အတော်လေးစိတ်ဝင်စားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ တော့တင်ဟမ်တို့လို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် ခဗာရက်စ်ခီလီယာကတော့ အီတလီမြေမှာ ကစားသမားဘဝနောက်တစ်ဆင့် ထပ်တက်လှမ်းနိုင်ဖို့ အမြဲတမ်းမျှော်လင့်ထားခဲ့ပါတယ်။
ဒီအခြေအနေမှာ အေစီမီလန်က ရွေးချယ်စရာတစ်ခုဖြစ်ခဲ့သလို ဂျူဗင်တပ်စ်ကလည်း သူ့ရဲ့ခြေစွမ်းအပေါ် စိတ်ဝင်စားမှုတွေ ပြသလာခဲ့ပါတယ်။ ဒီလိုအကြောင်းအချက်တွေက နာပိုလီအတွက် ရင်ခုန်စရာဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ အေစီမီလန် ကစားသမားဟောင်း ဇက်ကာဒို၊ ကလက်ဒီတို့ရဲ့အကူအညီနဲ့ ခဗာရက်စ်ခီလီယာကို ပြောင်းရွှေ့ကြေးယူရို ၁၀ သန်းဝန်းကျင်နဲ့အတူ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
နည်းပြစပယ်လက်တီက တိုက်စစ်နေရာစုံကစားနိုင်စွမ်းရှိတဲ့ ဘယ်တောင်ပံတိုက်စစ်မှူးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတစုံတရာရှိခဲ့ပေမယ့် ခဗာရက်စ်ခီလီယာက အသင်းသစ်မှာ အလျှင်အမြန်ပဲ အထိုင်ကျခဲ့ပါတယ်။ အသင်းအတွက် ပထမဆုံးစီးရီးအေအဖွင့်ပွဲစဉ်နှစ်ပွဲမှာပဲ သုံးဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ခဗာရက်စ်ခီလီယာက နာပိုလီအသင်းသမိုင်းတလျှောက် အခုလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို သြဂုတ်လအတွက် တစ်လတာအကောင်းဆုံးစီးရီးအေကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဘောလုံးကွင်းတွင်း စွမ်းဆောင်ရည်ကောင်းများ
-------------------------------------------------
ပင်ကိုယ်စွမ်းရည်နဲ့အတူ ဖန်တီးမှုစွမ်းရည်၊ ပြိုင်ဘက်ခံစစ်မှူးတွေကို ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုစွမ်းရည်၊ ခြေနှစ်ဖက်လုံးသုံးပြီး ဘောလုံးကစားနိုင်မှုနဲ့ အမြင့်ဘောအားသာမှုတွေကြောင့် ခဗာရက်စ်ခီလီယာရဲ့သွင်းဂိုးတွေကို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ မြင်တွေ့ခဲ့ရပါတယ်။
နာပိုလီနည်းပြကြီးစပယ်လက်တီက “ခဗာရက်စ်ခီလီယာက ဘောလုံးထိန်းသိမ်းပုံကောင်းမွန်သလို ရှင်းရှင်းလင်းလင်းကစားနိုင်စွမ်း ရှိပါတယ်။ သူ့မှာ အခုလို ဘောလုံးစွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် လူသိများထင်ရှားသူတစ်ဦးတော့ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် သူဘောလုံးကစားချိန်မှာ ယုံကြည်မှုရှိရှိကစားပါတယ်”လို့ ပြောပါတယ်။
အီတလီဂန္တဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုကလည်း “ ခဗာရက်စ်ခီလီယာရဲ့ ကစားပုံကို ကြည့်လိုက်ပါ။ သူက ခန့်မှန်းရခက်ပြီး စွမ်းဆောင်ရည်ကောင်းမွန်သူဖြစ်ပါတယ်။ သူက ဥရောပအဆင့်မှာ ကစားနိုင်စွမ်းရှိပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။
ဂျော်ဂျီယာလက်ရွေးစင်ကစားသမားအဖြစ် ပါဝင်ကစားချိန်မှာလည်း ခဗာရက်စ်ခီလီယာက သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအပေါ် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။
ခမ်းနားနေဆဲ သက်ရှိဂန္တဝင်
--------------------------
ဂျော်ဂျီယာအကြောင်းပြောရရင် ခဗာရက်စ်ခီလီယာက သူ့ရဲ့မွေးရပ်မြေဆီ အခွင့်အရေးရတိုင်း ပြန်လာလေ့ရှိပြီး ဂျော်ဂျီယာပြည်သူတွေနဲ့ သူ့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုလည်း ရှိနေပါတယ်။
နေပယ်လ်မြို့မှာရောက်ရှိနေတဲ့ ဂျော်ဂျီယာရွှေ့ပြောင်းအလုပ်သမားတွေကလည်း ခဗာရက်စ်ခီလီယာ ရောက်ရှိလာပြီးနောက်ပိုင်း မြို့တော်မှာ ဂုဏ်ယူဖွယ်အထိဖြစ်ခဲ့တာတွေကြောင့် သူ့ကို ချီးကျူးပြောဆိုလေ့ရှိပါတယ်။ မွေးချင်းညီအစ်ကို သုံးဦးအနက် ခဗာရက်စ်ခီလီယာက အလတ်ဖြစ်ပြီး သူ့ရဲ့အသက်-၁၂ နှစ်အရွယ် ညီဖြစ်သူကိုလည်း အောင်မြင်တဲ့ဘောလုံးသမားတစ်ဦးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။
ဘောလုံးကွင်းထဲမှာမဟုတ်ရင်တော့ ခဗာရက်စ်ခီလီယာက တင်းနစ်နဲ့ ဘတ်စကတ်ဘော ကစားလေ့ရှိပါတယ်။ ခဗာရက်စ်ခီလီယာက ဂျော်ဂျီယာရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို နှစ်ကြိမ်တိုင်ဆွတ်ခူးထားပြီး နောက်ထပ်ဆုဖလားအောင်မြင်မှုများစွာကိုလည်း ထပ်မံသိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုင်ဆိုင်ထားပါတယ်။
ဒီလိုအောင်မြင်နေတဲ့ လူငယ်လေးကို ဂျော်ဂျီယာနိုင်ငံရေးသမားတွေက သူတို့ရဲ့နိုင်ငံရေးအကျိုးအမြတ်အတွက် ခုတုံးလုပ်အသုံးချသွားမှာကို ဂျော်ဂျီယာပြည်သူအများစုက စိုးရိမ်ပူပန်နေကြပါတယ်။ ခဗာရက်စ်ခီလီယာကလည်း အသင်းဖော် နောက်ခံလူဟောင်းလည်းဖြစ်၊ လက်ရှိတီဘလီစီမြို့တော်ဝန်နဲ့ ဂျော်ဂျီယာအိပ်မက်နိုင်ငံရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ကလက်ဒီနဲ့ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိထားပါတယ်။
လက်ရှိမှာတော့ အဓိကအာရုံစိုက်စရာအဖြစ် ထူးရှယ်အခိုက်အတန့်ကို ရောက်ရှိနေပြီဖြစ်တဲ့ ခဗာရက်စ်ခီလီယာရဲ့ ဘောလုံးသမားဘဝပဲ ဖြစ်ပါတယ်။