The network connection is lost.

Banner Image

တိုက်စစ်မှူးတွေက သတင်းထောက်တွေရဲ့ ပါးစပ်ကို ပိတ်ထားနိုင်တယ်လို့ ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူဟာ ဘယ်တော့မှ သတင်းထောက်မဖြစ်ချင်ခဲ့ကြောင်းနဲ့ တိုက်စစ်မှူးတွေက ဂျာနယ်လစ်တွေရဲ့ပါးစပ်ကို ပိတ်ထားနိုင်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ယနေ့နံနက်က ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး အာလင်းဟာလန်းက သွင်းယူပေးခဲ့တာကြောင့် ဂွါဒီယိုလာက အခုလို ဆိုလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတာကြောင့် သတင်းထောက်တွေရဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဟာလန်းဟာ ဒီနေ့ပွဲမှာတော့ ပွဲကစားချိန် ၇၁ မိနစ်က တစ်ဦးတည်းသော အနိုင်ဂိုးနဲ့ မန်စီးတီးကိုအနိုင်ရစေခဲ့ပြီး ဝေဖန်သူတွေကို ဆွံ့အစေခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီး သတင်းထောက်တွေနဲ့ အမေးအဖြေပြုလုပ်ရာမှာတော့ ဂွါဒီယိုလာက သူဟာဘယ်တော့မှ ဂျာနယ်လစ်တစ်ယောက်မဖြစ်ချင်ခဲ့ဘူးလို့ ပြောကြားလာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက "ကျွန်တော်ငယ်ငယ်တုန်းက သတင်းထောက်မဖြစ်ချင်ခဲ့ပါဘူး။ ကျွန်တော့်ထက် အသက်ကြီးတဲ့မိတ်ဆွေတွေက တိုက်စစ်မှူးတစ်ယောက်ကို ဘယ်တော့မှမဝေဖန်နဲ့ သူတို့က မင်းရဲ့ပါးစပ်ကို သွင်းဂိုးတွေနဲ့ ပိတ်လိမ့်မယ်လို့ ပြောခဲ့ကြပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက ဟာလန်းဟာ မကြာသေးမီက သူ့ရဲ့အဖွားဖြစ်သူကို ဆုံးရှူံးထားရတာကြောင့် စိတ်ထိခိုက်နေပုံပေါ်ပြီး ကွင်းထဲကမှာ ဂိုးတွေပြန်သွင်းနိုင်ဖို့ အချိန်တစ်ခုတော့ ပေးရလိမ့်မယ်လို့ဆိုပါတယ်"

စပိန်သားက "သူ ၂ လလောက်လွဲချော်ခဲ့ပေမယ့် အခုချိန်မှာတော့ အသင်းမှာရှိနေပါပြီ။ သူ့ရဲ့ အဖွားကိုလည်း မကြာသေးမီက ဆုံးရှုံးထားရပါတယ်။ ဒါက လူသားတစ်ယောက် အတွက် လွယ်ကူတဲ့ပြဿနာတော့မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော့်မှာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတစ်ခုရှိနေပြီး ကစားသမားတစ်ယောက်ကို ပေးရမယ်ဆိုရင် ဟာလန်းကိုပဲရွေးချယ်မှာပါ" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ သတင်းထောက်တစ်ယောက်က ဂွါဒီယိုလာကို ဘာကြောင့် သတင်းထောက် မဖြစ်ချင်တာလဲလို့မေးတဲ့အခါ သူက "ကျွန်တော်က မန်နေဂျာတစ်ယောက်ပါ။ ကျွန်တော်တို့ဘဝက ခင်ဗျားတို့ဘဝတွေထက် ပိုကောင်းပါတယ်"လို့ ဖြေကြားခဲ့ပါတယ်။

ယခုအခါမှာတော့ မန်စီးတီးဟာ ဟာလန်းရဲ့တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းလာခဲ့ပြီး ထိပ်ဆုံးက လီဗာပူးရဲ့ ရမှတ် ၁ မှတ်သာ ကွာဟနေပါတယ်။